NP News

(၈) မိုင်မီးပွိုင့်တွင် YBS (30) ယာဉ်မောင်း အတက်ရောဂါဖောက်ကာ တစ်ဖက်ယာဉ်ကြောမှ အိမ်စီးကားကို ဝင်တိုက်မှုဖြစ်ပွား

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈) မိုင်မီးပွိုင့်တွင် YBS (30) ယာဉ်မောင်း အတက်ရောဂါဖောက်ကာ တစ်ဖက်ယာဉ်ကြောမှ အိမ်စီးကားကို ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၁၆ ရက်) နံနက် (၈) နာရီဝန်းကျင်အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ (၈) မိုင်မီးပွိုင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
YBS (30) ယာဉ်မှာ ခရီးသည်များတင်ဆောင်၍ ကမ္ဘာအေးဘုရားလမ်းမှ မီးပွိုင့်အားဖြတ်သန်းကာ ကျိုက်ဝိုင်းဘုရားလမ်းသို့ မောင်းနှင်စဉ် တစ်ဖက်ယာဉ်ကြောမှ ရပ်ထားသည့် အိမ်စီးကားအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မသိရတာတော့ ကားသမားက တက်သွားပြီး ဝင်တိုက်မိတာ” ဟု YBS (30) ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်တစ်ဦးက NP News သို့ပြောသည်။
ယာဉ်တိုက်မှုကြောင့် ခရီးသည်နှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း အိမ်စီးကား၏ ခေါင်းပိုင်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News