NP News

မော်လမြိုင်တွင် ဥပဒေအထောက်အကူပြုအဖွဲ့ရုံးမှ ပြည်နယ်ဦးစီးမှူး၏ ရွှေဆွဲကြိုးအား လုယက်သူ(၂)ဦးကို ဖမ်းဆီးရမိ

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်တွင် ဥပဒေအထောက်အကူပြုအဖွဲ့ရုံးမှ ပြည်နယ်ဦးစီးမှူး၏ ရွှေဆွဲကြိုးအား လုယက်သူ(၂)ဦးအား ဖမ်းဆီးရမိကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် (နိုဝင်ဘာ ၇ ရက်)က မော်လမြိုင်မြို့၊ ဇော်ကုန်းရပ်ကွက်တွင် နေထိုင်သော ဥပဒေဆိုင်ရာအထောက်အကူအကြံပေးရေးအဖွဲ့ မှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ အသက် (၆၀) အရွယ် ဒေါ်သက်သက်ဝင်းသည် ၎င်း၏ အိမ်ရှေ့ ဆန်တန်းလမ်းမဘေးတွင် ခွေးကျောင်းနေစဉ် ဒိုင်းဝန်းကွင်း လမ်းဘက်မှ ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှ ၎င်း၏ နောက်ကျောဘက်မှ ဖြတ်မောင်းနှင်သွားစဉ် ၎င်း ဝတ်ဆင်ထားသော သံကြိုးပွ ရွှေဆွဲကြိုး (၁) ကျပ်သား ကျော်ခန့်၊ ကာလ တန်ဖိုး (၉၅)သိန်းကျပ်ခန့်အား ဆွဲဖြုတ်၍ ထွက်ပြေးမောင်းနှင် သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ အခင်းဖြစ်နေရာအနီးရှိ နေအိမ်တစ်အိမ်၌ရှိသော CCTV မှတ်တမ်းမှ ကျူးလွန်သူဟု ယူဆရသူနှစ်ဦး၏ ပုံသဏ္ဌာန်နှင့် ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်ပုံစံတို့ကို ရရှိသဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ CCTV Control Center နှင့် ချိတ်ဆက်ကာ စုံစမ်း‌ဖော်ထုတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သံသယရှိသူ(၂)ဦးအား ပြီးခဲ့သည့်(နိုဝင်ဘာ ၁၄ ရက်)၊ ည(၆) နာရီခန့်က သီရိမြိုင်ရပ်ကွက်၊ အောင်ဇမ္ဗူဘုန်းကြီးကျောင်းလမ်း၌ အခင်းဖြစ်နေ့က ၎င်းတို့စီးနင်းလာသည့် HONDA CLICK အဖြူ+အနီ ဆိုင်ကယ်ဖြင့် ဘုန်းကြီးကျောင်းဘက်မှ ကျိုက္ခမီလမ်းမကြီးဘက်သို့ မောင်းနှင်သွားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့သို့တွေ့ရှိရသဖြင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးခဲ့ရာ တက္ကသိုလ်ပတ်လမ်း၊ သဲပုံစေတီအနီးတွင် ၎င်းတို့နှစ်ဦးအား အခင်းဖြစ်စဉ်၌ အသုံးပြုခဲ့သည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့် အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News