
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၆
နေပြည်တော်စက်မှုဇုန်ရှိ စက်ရုံများ၌ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းအဖွဲ့ဖြင့် အသေးစိတ်စစ်တမ်းများကောက်ယူကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၏ ပြောကြားချက်အရ သိရသည်။
စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ပြီးခဲ့သည့်(နိုဝင်ဘာ ၁၄ ရက်)က နေပြည်တော်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ နေပြည်တော်စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စက်မှုဇုန်ဆိုင်ရာ အချက်အလက်များတိကျမှန်ကန်မှုရှိစေရေး ပူးပေါင်း ဆောင်ရွက်သွားရန်၊ Agro-based Industries များ၌ လယ်ယာ၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများပေါင်းစပ်ကာ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ စက်မှုလုပ်ငန်းများ၌ ပြည်ပမှ တင်သွင်းနေရသည့် ကုန်ကြမ်းများအပေါ် မှီခိုနေရမှုများကို လျှော့ချပြီး ပြည်တွင်းကုန်ကြမ်းများ အစားထိုးအသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊ လုပ်သားများ၏ ကျွမ်းကျင်မှုများ မြှင့်တင်ပေးခြင်း၊ နည်းပညာမြင့် စက်များသုံးစွဲကာ ကုန်ထုတ်နှုန်းနှင့် ကုန်ထုတ်စွမ်းအား မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။
ငွေကြေးအရင်းအနှီးအတွက် MSME ချေးငွေအပါအဝင် စက်မှုလုပ်ငန်းချေးငွေများအားပံ့ပိုးပေးလျက်ရှိပြီး စက်ရုံများ၌ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် အခက်အခဲများရှိပါက မြန်ဆန်စွာဖြေရှင်း ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိရာ စီမံချက်အတိုင်း ကွင်းဆင်းအဖွဲ့ဖြင့် အသေးစိတ်စစ်တမ်းများကောက်ယူကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
နေပြည်တော်ရှိ တည်ထောင်ပြီး ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဇုန်သစ်အဖြစ် ပုဗ္ဗသီရိစက်မှုဇုန် ဖော်ဆောင်ရေး လုပ်ငန်းများကို စက်မှုဇုန်ဥပဒေ၊ စက်မှုဇုန်နည်းဥပဒေနှင့် ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။