
ကိုဖြိုး (NP News) - နိုဝင်ဘာ ၁၆
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်မည့် (၃၈) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ ပြိုင်ပွဲတွင် ယခုနှစ်အတွက် ပြိုင်ပွဲဝင်ဆုကြေးငွေများကို ယခင်နှစ်ထက် (၃) ဆနီးပါးအထိ တိုးမြှင့်ချီး မြှင့်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ယခုနှစ် (၃၈) ကြိမ်မြောက်ပွဲတော်တွင် ပြိုင်ပွဲဝင်အသင်းများအတွက် ပထမဆု ကျပ် (၄၅) သိန်း၊ ဒုတိယ ဆု ကျပ် (၄၀) သိန်း၊ တတိယဆု ကျပ် (၃၅) သိန်း၊ စတုတ္ထဆု ကျပ် (၃၀) သိန်းနှင့် နှစ်သိမ့်ဆု (၅) ဆုအတွက် တစ်သင်း လျှင် ကျပ် (၂၀) သိန်းစီသို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခင်နှစ်က ကျင်းပခဲ့သည့် (၃၇) ကြိမ်မြောက် ပြိုင်ပွဲ တွင် ပထမဆုကျပ် (၁၅) သိန်း၊ ဒုတိယဆုကျပ် (၁၂) သိန်း၊ တတိယဆုကျပ် (၁၀) သိန်း၊ စတုတ္ထဆုကျပ် (၈) သိန်းနှင့် နှစ်သိမ့်ဆုကျပ် (၅) သိန်းစီသာ ချီးမြှင့်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် ဆုကြေးငွေများကို မြှင့်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။
အဆိုပါ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို လာမည့် (၂၀၂၆) ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက် တန်ဆောင်မုန်းလ ဆန်း (၁၄) ရက်ညနေပိုင်းတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ရှိ သတ်မှတ်ထားသော ကွင်းအတွင်း၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ယခုနှစ်တွင် ပြိုင်ပွဲဝင်ရက်ကန်းအသင်း စုစုပေါင်း (၉) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ညလုံး ပေါက် အပြိုင်အဆိုင် ရက်လုပ်ကြမည်ဖြစသည်။
ထိုသို့ ညလုံးပေါက် ရက်လုပ်၍ အပြီးသတ်ထွက်ရှိလာသည့် မသိုးသင်္ကန်းတော်များကို တန်ဆောင်မုန်း လပြည့်နေ့ နိုဝင်ဘာလ (၂၄) ရက် အာရုဏ်တက်အချိန်တွင် ရွှေတိဂုံစေတီတော်မြတ် ကြီး၏ အာရုံခံမုခ်ဦးလေးခုရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များ၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်နှင့် ရင်ပြင်တော်ပေါ်ရှိ တန်ခိုးကြီး ရုပ်ပွားတော်များထံသို့ ရိုးရာမပျက် ဆက်ကပ်လှူဒါန်း ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဆုကြေးငွေများ အများအပြား တိုးမြှင့်ပေးထားခြင်းကြောင့် ယခုနှစ် မသိုးသင်္ကန်း ရက်ပြိုင်ပွဲ သည် ယခင်နှစ်များထက် ပိုမိုအကြိတ်အနယ်ရှိပြီး လက်ရာမြောက်လှပသော ရိုးရာရက်ကန်းအတတ်ပညာများကို ကြည့်ရှုရနိုင်မည်ဖြစ်ကြောင်း သိရသည်။
