Eleven Media Group

အင်းတော်-ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာ လမ်းကြောင်းများတစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့ ယာယီအခြေပြုခိုလှုံရာနေရာများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ရှင်းလင်း

အင်းတော်-ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာ လမ်းကြောင်းများတစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့ ယာယီအခြေပြုခိုလှုံရာနေရာများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်လျက်ရှိပြီး အင်းတော် - ဝန်းသို - ကောလင်း လမ်းကြောင်းနှင့် အင်းတော် - မအူကုန်း - ကျောက်တန်းလမ်းကြောင်းပေါ်တွင် ခိုအောင်းနေထိုင်သူများကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့သည့် သတင်းအား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အင်းတော်- ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့်ကျန်ရှိသူများနှင့် ၎င်းတို့အခြေပြုစခန်းများအား ရှင်းလင်းတိုက်ခိုက်နိုင်ရေး တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အင်းတော် - ဝန်းသို - ကောလင်း လမ်းပိုင်းပေါ်ရှိ တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၂၀ ရက်တွင် စကြာမောင်ကျေးရွာအား လည်းကောင်း၊ အောက်တိုဘာ ၂၁ ရက်တွင် ကျီကုန်းကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာအားလည်းကောင်း အသီးသီးပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ အင်းတော် မအူကုန်း - ကျောက်တန်းလမ်းပိုင်းရှိ တပ်မတော် စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်တွင် ညောင်ကုန်းကျေးရွာနှင့် ဘုဓလက်ကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာ ၁ ရက်တွင် ပိန္နဲကုန်းကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာလ ၂ ရက်တွင် ပွိုင့်-၁၈၂ တောင်ကုန်းနှင့် ပွိုင့်-၃၄၄ တောင်ကုန်းအားလည်းကောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ဒိုးပင်ကျေးရွာအားလည်းကောင်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အင်းတော် - ဝန်းသို - ကောလင်းလမ်းကြောင်းပေါ်ရှိ တပ်မတော် စစ်ကြောင်းနှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၅ ရက်တွင် ကျွန်းတောကျေးရွာနှင့် ပဒုမ္မာကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာ ၆ ရက်တွင် မင်းကုန်းကျေးရွာနှင့် ကျောက်တန်းကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာ ၇ ရက်တွင် တောင်မော်ကျေးရွာအားလည်းကောင်း အဆင့်ဆင့်အောင်မြင်စွာ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ဝန်းသိုမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် တပ်မတော်စစ်ကြောင်းများက ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် ကျောက်တန်း-စပ္ပါယ်နံသာ လမ်းကြောင်းတို့အား ယာယီထိန်းချုပ်ပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသူများအား ရှင်းလင်းတိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် ဝန်းသိုမြို့နှင့် ကျောက်တန်းကျေးရွာတို့၌ စနစ်တကျပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၁ ရက်တွင် ကောလင်းမြို့သို့လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ဝါးရုံခုံကျေးရွာ၊ ကုက္ကိုလ်ကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့အားလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် ကိုးတောင်ဘို့ ကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာလ ၁၅ ရက်တွင် သင်တောကျေးရွာနှင့် ဥတုံးပင်ကျေးရွာတို့အားလည်းကောင်း အဆင့်ဆင့်ရှင်းလင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ရာတွင် တပ်မတော်စစ်ကြောင်းများအနေဖြင့် တိုက်ပွဲကြီး/ငယ် ထိတွေ့မှု စုစုပေါင်း ၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှအလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၁ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲများ၊ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ သောင်းကျန်းသူများ၏ ပြောက်ကျား ဝတ်စုံများ၊ ကျည်ကာအင်္ကျီ၊ ယာယီဆေးကုသသည့်နေရာနှင့် ဆေးပစ္စည်းများ၊ အခြားအသုံးဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းများအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး၊ အဆိုပါလမ်းကြောင်းများတစ်လျှောက် ခိုအောင်းနေထိုင်ပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသူများကို ရှင်းလင်းတိုက်ခိုက် ချေမှုန်းနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group