
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်
စပိန်နိုင်ငံမှာ နိုဝင်ဘာ ၂၉ ရက် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကွန်ဆာဗေးတစ် People's Party (PP) နဲ့ လက်ယာစွန်း Vox ပါတီတို့ ပူးပေါင်းရင် လွှတ်တော်အများစု ရနိုင်မယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ လူထု သဘောထားစစ်တမ်း ၃ ခုက ဖော်ပြပါတယ်။ ဒါပေမယ့ ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ်ရဲ့ ဆိုရှယ်လစ်ပါတီကတော့ ထောက်ခံမှု ပြန်တက်လာပါတယ်။
ပြီးခဲ့တဲ့အပတ်က ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု စတင်ပြီးနောက် ထွက်လာတဲ့ ပထမဆုံး စစ်တမ်းတွေဖြစ်ပြီး အိမ်ရာ ဈေးနှုန်းနဲ့ နေထိုင်စရိတ် မတတ်နိုင်မှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ အကျင့်ပျက် ခြစားမှုနဲ့ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုများတဲ့ ရထားမတော်တဆမှုတွေက မဲဆွယ် စည်းရုံးမှုရဲ့ အဓိကအကြောင်းအရာတွေ ဖြစ်နေပါတယ်။
El Pais အတွက် 40db က နေ့စဉ်ကောက်ယူတဲ့ စစ်တမ်းမှာ ဆိုရှယ်လစ်ပါတီရဲ့ ထောက်ခံမှုက ၂၉.၉ ရာခိုင်နှုန်းကနေ ၃၀.၃ ရာခိုင်နှုန်းအထိ တက်လာပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲနောက်ပိုင်း အဲဒီစစ်တမ်း မှာ ပထမဆုံးအကြိမ် ၃၀ ရာခိုင်နှုန်းကျော်သွားတာ ဖြစ်ပါတယ်။
PP ပါတီက ၃၁.၅ ရာခိုင်နှုန်းနဲ့ Vox ပါတီက ၁၈ ရာခိုင်နှုန်း ရရှိမယ်လို့ စစ်တမ်းက ခန့်မှန်းထားပြီး ပါတီနှစ်ခု ပေါင်းရင် အောက်လွှတ်တော်အမတ်နေရာ ၃၅၀ ထဲက ၁၉၀ ကျော် ရရှိနိုင်တာကြောင့် အများစုရမှာ ဖြစ်ပါတယ်။
La Razon အတွက် NC Report ကောက်ယူတဲ့ စစ်တမ်းမှာလည်း PP နဲ့ Vox ပေါင်းပြီး အမတ်နေရာ ၂၀၁ နေရာကနေ ၂၀၅ နေရာအထိ ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဆိုရှယ်လစ်ပါတီကတော့ ၁၀၂ နေရာကနေ ၁၀၄ နေရာအထိ ရနိုင်ပြီး ထောက်ခံမှုက ၀.၅ ရာခိုင်နှုန်း တက်လာကာ ၂၆.၁ ရာခိုင်နှုန်း ရှိလာပါတယ်။
El Confidencial အတွက် IMOP ရဲ့ စစ်တမ်းမှာတော့ ဆိုရှယ်လစ်ပါတီ ထောက်ခံမှုက ပြီးခဲ့တဲ့ တစ်ပတ်ထက် ၁ ရာခိုင်နှုန်း တက်လာပြီး ၂၆.၉ ရာခိုင်နှုန်း ရှိပါတယ်။ လက်ယာပါတီတွေက အမတ်နေရာ ၁၉၄ နေရာ ရနိုင်ပြီး ဆိုရှယ်လစ်ပါတီက ၁၀၉ နေရာ ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဝန်ကြီးချုပ် ဆန်ချက်ဇ်ဟာ လက်ဝဲယိမ်းမဲဆန္ဒရှင်တွေကြား ထောက်ခံမှု ပြန်လည်ရရှိဖို့ အခက်အခဲရှိ နေပါတယ်။ PP နဲ့ Vox ပူးပေါင်းပြီး အစိုးရဖွဲ့လာနိုင်တာဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ ရရှိထားတဲ့ လူမှုအခွင့်အရေးတွေကို ခြိမ်းခြောက်နိုင်တယ်လို့ ဆန်ချက်ဇ်က ပြောထားပါတယ်။
ဒါပေမယ့် အစိုးရပိုင် CIS ရဲ့ စစ်တမ်းကတော့ တခြားစစ်တမ်းတွေနဲ့ သိသိသာသာ ကွာခြားနေပါတယ်။ ပြီးခဲ့တဲ့ အပတ်က CIS စစ်တမ်းမှာ ဆိုရှယ်လစ်ပါတီက အမတ်နေရာ ၁၃၄ နေရာကနေ ၁၄၃ နေရာ အထိ ရနိုင်ပြီး PP နဲ့ Vox ပေါင်းရင် ၁၅၅ နေရာကနေ ၁၇၁ နေရာအထိ ရနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ အဲဒီလိုဆိုရင် ဆန်ချက်ဇ်အနေနဲ့ လက်ဝဲပါတီတွေကို ကျယ်ပြန့်စွာ ပူးပေါင်းဖွဲ့စည်းပြီး အာဏာဆက်လက်ရယူနိုင်တဲ့ အခြေအနေရှိနေပါတယ်။
Ref – Reuters