Eleven Media Group

■ ရွေးကောက်ပွဲနိုင်ပါက ယူကရိန်းကို ဘဏ္ဍာရေးအကူအညီ ပေးတော့မည်မဟုတ်ဟု မာရင်းလီပန် ပြောကြား

ပြင်သစ်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါက ယူကရိန်းကို ဘဏ္ဍာရေးအကူအညီ ထပ်မံပေးတော့မည်မဟုတ်ကြောင်း ပြင်သစ်သမ္မတကိုယ်စားလှယ်လောင်း မာရင်းလီပန်က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

၎င်းက ပဲရစ်တွင် ယူကရိန်းသံအမတ် ဗာဒင် အိုမယ်လ်ချန်ကိုနှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အစိုးရ၏ လက်ရှိဘဏ္ဍာရေး အခြေအနေအရ လာမည့်လများအတွင်း ယူကရိန်းကို ဘဏ္ဍာရေးအကူအညီ ဆက်လက်ပေးရန် မဖြစ်နိုင်တော့ကြောင်း ၊ သို့သော် ယခင်က သဘောတူထားသည့် ကတိကဝတ်များကို ပြင်သစ်က ဆက်လက်လိုက်နာမည်ဖြစ်ပြီး ဥရောပသမဂ္ဂက ယူကရိန်းအတွက် စီစဉ်ထားသည့် ယူရိုဘီလျံ ၉၀ ချေးငွေတွင် ပြင်သစ်၏ ပါဝင်မှုကိုလည်း ဆက်လက်ရှိစေမည်ဟု လီပန်ကဆိုသည်။

လီပန်သည် ရုရှားနှင့် ယခင်က ဆက်ဆံရေးများရှိခဲ့သည့်အတွက် ဝေဖန်ခံနေရသူဖြစ်သည်။၎င်းသည် ၂၀၁၇ ခုနှစ်တွင် ရုရှားသမ္မတပူတင်နှင့် ကရင်မလင်နန်းတော်တွင် တွေ့ဆုံခဲ့သည့်အပြင် ၎င်းဦးဆောင်သည့်ပါတီက ရုရှားဘဏ်တစ်ခုမှ ချေးငွေရယူခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အပြည့်အဝ ပြန်ဆပ်ခဲ့သည်။

သို့သော် ယူကရိန်းကို ရုရှားကကျူးကျော်မှုကို လီပန်က ဆန့်ကျင်ခဲ့ပြီး စစ်ပွဲစတင်ချိန်ကတည်းက ယူကရိန်းကို ထောက်ခံခဲ့ကြောင်း ပြောလာခဲ့သည်။

ဘဏ္ဍာရေးအကူအညီကို ရပ်ဆိုင်းမည်ဖြစ်သော်လည်း စစ်ပစ္စည်းများ လှူဒါန်းခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးခြင်းနှင့် သံတမန်ရေးအရ ပိုမိုတက်ကြွစွာ ဆောင်ရွက်ခြင်းတို့ဖြင့် ယူကရိန်းကို ဆက်လက်ထောက်ခံမည်ဟု လီပန်က ယူကရိန်းသံအမတ်နှင့်တွေ့စဉ် ပြောခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြင်သစ်သမ္မတမက်ခရွန်က လီပန်၏ မူဝါဒကို ဝေဖန်ခဲ့သည်။ ယူကရိန်းအတွက် ရရှိနိုင်သည့် အရင်းအမြစ်များကို ကန့်သတ်ရန် ကြိုးပမ်းသူများသည် ယူကရိန်းကို ရေရှည်အန္တရာယ်ရှိနေစေမည့် မမျှတသည့်ငြိမ်းချမ်းရေးအတွင်းသို့ တွန်းပို့နေခြင်းဖြစ်ပြီး ဥရောပကိုပါ အန္တရာယ်ဖြစ်စေလိမ့်မည်ဟု မက်ခရွန်က Facebook တွင် ရေးသားခဲ့သည်။

မူရင်းသတင်း — Eleven Media Group