
တင်ဇာ (NP News) - နိုဝင်ဘာ ၁၇
လာမည့် နိုဝင်ဘာလ (၁၉)ရက်တွင် နယ် သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သည် (၁၉၄၈)ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Genocide Convention) ကို ချိုးဖောက်သည်ဟုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုစွဲဆိုထားသည့်အမှုကို စီရင်ချက်ချမှတ်တော့မည်ဖြစ်သည်။ ယင်းစီရင်ချက်သည် အပြီး သတ် စီရင်ချက်ဖြစ်ပြီး အယူခံဝင်ပိုင်ခွင့်မရှိဘဲ တရားရုံး၌ ကြားနာစစ်ဆေးနေသည့် အမှုဆိုင်ရာလုပ်ငန်း စဉ်များအားလုံး ပြီးဆုံးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု သဘောတူစာချုပ်ကို (၁၉၄၉)ခုနှစ်တွင် လက်မှတ်ရေး ထိုးခဲ့ပြီး (၁၉၅၆)ခုနှစ်တွင် အတည်ပြုပါဝင်ခဲ့သည်။ (၁၉၇၈)ခုနှစ်တွင် အတည်ပြုပါဝင်ခဲ့သည့် ဂမ်ဘီယာ နိုင်ငံသည် အဆိုပါ စာချုပ်ပါ အပိုဒ်(၉) အရ အမှုကို စွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအပိုဒ်သည် စာချုပ်ဝင်နိုင်ငံ များအကြား “နိုင်ငံတစ်နိုင်ငံ၏ မျိုးတုံးစေမှုတာဝန်ရှိမှု” နှင့်ပတ်သက်သည့်အငြင်းပွားမှုများကို ICJ သို့ တင်ပြခွင့်ပြုထားသည်။ စွပ်စွဲထားသည့် ရာဇဝတ်မှုများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် ဂမ်ဘီယာ ကဲ့သို့ နိုင်ငံတစ်နိုင်ငံက ယင်းစာချုပ်ဝင်အဖွဲ့ဝင်ဖြစ်မှုကိုအသုံးပြု၍ ICJ သို့ တရားစွဲဆိုခြင်းမှာ ယခုအမှု သည် ပထမဆုံးဖြစ်သည်။ ဂမ်ဘီယာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံကို (၂၀၁၉) ခုနှစ်တွင် ICJ တရားရုံးတွင် စတင်တရားစွဲခဲ့ကြခြင်းဖြစ်သည်။ (၂၀၂၀) ပြည့်နှစ် ဇန်နဝါရီလ တွင် တရားရုံးက မြန်မာနိုင်ငံအနေဖြင့် အပိုဒ် (၂)ပါ မျိုးသုဉ်းစေသည့်လုပ်ရပ်များအားလုံးကိုတားဆီးရန်၊ စစ်တပ်နှင့် အခြားလုံခြုံရေးတပ်ဖွဲ့များ မျိုးသုဉ်းစေမှုမကျူးလွန်စေရေးအာမခံရန်နှင့် အမှုနှင့် ပတ်သက် သည့် သက်သေအထောက်အထားများကိုထိန်းသိမ်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။ (၂၀၂၀)ပြည့်နှစ် အောက် တိုဘာလတွင် ဂမ်ဘီယာက အမှုဆိုင်ရာ လျှောက်လွှာ (Memorial) ကိုတင်သွင်းခဲ့သည်။ ထို့ပြင် တရား ရုံးက ကြားဖြတ်အမိန့်များ လိုက်နာဆောင်ရွက်မှုကို (၄)လအတွင်း ပထမတစ်ကြိမ်၊ ထို့နောက် (၆)လ တစ်ကြိမ် အစီရင်ခံစာတင်ပြရန်အမိန့်ပေးခဲ့သည်။
ICJ ၏ကြားဖြတ်အမိန့်များသည် အမှုတွင်ပါဝင်သည့်နိုင်ငံများအတွက် ဥပဒေအရ လိုက်နာရန် တာဝန်ရှိပြီး ICJ စည်းမျဉ်း အပိုဒ် ၄၁(၂) အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အလိုအလျောက် ပေးပို့ ပြီးလည်းဖြစ်သည်။ ကြားဖြတ်အမိန့်များကို လိုက်နာသည့်အနေဖြင့် မြန်မာနိုင်ငံက အစီရင်ခံစာ (၁၂) စောင်တင်သွင်းခဲ့သည်။ ယင်းအစီရင်ခံစာများတွင် သမ္မတရုံးက သက်သေအထောက်အထားထိန်းသိမ်း ခြင်းနှင့် အမုန်းစကားတားဆီးခြင်း၊ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် ပြန်လည် လက်ခံရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးရေး အစီအစဉ်များထူထောင်ခြင်း စသည့် ညွှန်ကြား ချက် (၃) စောင်ကို ထုတ်ပြန်ခြင်းလည်းပါဝင်ခဲ့သည်။ သို့သော် ဂမ်ဘီယာဘက်က မြန်မာနိုင်ငံ၏ အစီ ရင်ခံစာတစ်ခုစီအပေါ် သဘောထားတင်ပြခဲ့ပြီး မြန်မာနိုင်ငံသည် ICJ ၏အမိန့်များကိုလိုက်နာသည်ဟု “ကောက်ချက်ချစရာ အကြောင်းမရှိ”ကြောင်းဖော်ပြခဲ့သည်။
ထို့နောက် (၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်ဖောက်ဖျက် သည်ဟုစွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းအပေါ် တရားရုံးတွင် စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံ အနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း ကနဦး ကန့်ကွက်လွှာကို မြန်မာနိုင်ငံက ICJ တရားရုံးသို့ တင်သွင်းခဲ့သည်။ သို့သော် (၂၀၂၂)ခုနှစ် ဇူလိုင်လတွင် တရားရုံးက မြန်မာနိုင်ငံ၏လျှောက်လဲချက်အား လုံးကိုပယ်ချသည့်စီရင်ချက် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံက (၂၀၂၃)ခုနှစ် အောက်တိုဘာတွင် တုံ့ပြန် လျှောက်လွှာ(Counter-memorial) နှင့် ဂမ်ဘီယာက (၂၀၂၄) ခုနှစ် မေလတွင် ထပ်မံချေပချက် တင် သွင်းခဲ့သည်။
(၂၀၂၆)ခုနှစ် ဇန်နဝါရီလတွင်မူ ICJ သည် အမှုနှင့်ပတ်သက်၍ အဓိကကိစ္စရပ်များအပေါ် ကြားနာ ပွဲများပြုလုပ်ခဲ့သည်။ ယင်း (၃)ပတ်ကြာ ကြားနာပွဲများအတွင်း ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့မှ ဥပဒေ ကိုယ်စားလှယ်များသည် သက်သေများနှင့် ကျွမ်းကျင်သူများကို စစ်ဆေးခြင်းအပါအဝင် ၎င်းတို့၏ စွပ်စွဲ ချက်နှင့်ခုခံချက်များကို ICJ တရားသူကြီးများရှေ့တွင် အလှည့်ကျတင်ပြခဲ့ကြသည်။ ထို ပင်မ ကြားနာပွဲ များတွင် ဂမ်ဘီယာဘက်က ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင် ရေးများအတွင်း genocide convention အပိုဒ်(၂)ပါ မျိုးသုဉ်းစေသည့်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း အဓိကစွပ်စွဲတင်ပြခဲ့ပြီး မင်းကြီး၊ ချွတ်ပြင်နှင့်မောင်နု စသည့် ကျေးရွာ(၃)ရွာဖြစ်စဉ်များကို အဓိကထား ထောက်ပြခဲ့သည်။ ထို့ပြင် ဂမ်ဘီယာသည် ယခင် ICJ စီရင်ထုံးများနှင့် အခြားနိုင်ငံတကာတရားရုံးများ ၏စီရင်ထုံးများကိုကိုးကား၍ မြန်မာသည် မျိုးသုဉ်းစေလိုသည့်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း တင်ပြခဲ့သည်။
ယခုအမှုနှင့်ပတ်သက်၍ မြန်မာဘက်မှ ပြန်လည်ချေပခဲ့သည့် အချက်များကို ပြန်လည်သုံးသပ် ရပါက ယခုအမှုသည် ဂမ်ဘီယာကဲ့သို့ တိုက်ရိုက်ထိခိုက်နစ်နာခြင်းမရှိသည့် နိုင်ငံတစ်ခုက Genocide Convention ကို လိုက်နာရန် ကွန်ဗင်းရှင်းဝင် နိုင်ငံများအားလုံး၏ အကျိုးကိုယ်စားဟုဆိုကာ အခြား နိုင်ငံတစ်ခုအပေါ် တရားစွဲဆိုသည့် ပထမဦးဆုံးအမှုဖြစ်နေသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် မိုင်ပေါင်း ထောင်ချီ ကွာဝေးသော အာဖရိကတိုက် အနောက်ပိုင်းတွင် တည်ရှိသည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာ အကြား သီးခြားအငြင်းပွားမှု တစ်စုံတစ်ရာလည်း မရှိခဲ့ပေ။ သို့ဖြစ်ရာ ယခုအမှုသည် နောက်ကွယ်မှ ကြိုးကိုင် အဖွဲ့အစည်းဖြစ်သည့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ စေခိုင်း လှုံ့ဆော်မှု ကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ထောက်ပြသုံးသပ်မှုများလည်းရှိသည်။ “အများအကျိုးဆိုတာ Convention ရဲ့စည်းမျဉ်းတွေကို နိုင်ငံတွေလိုက်နာလာအောင်လုပ်ပေးတာမျိုးကိုပြောတာပါ။ Genocide လို့စွပ်စွဲသမျှ တိုင်းကို နိုင်ငံတွေဘက်က လိုက်ဖြေရှင်းပေးနေဖို့မဟုတ်ပါဘူး။ ဒီအမှုမတိုင်ခင်တုန်းက တော့ စွဲဆိုတဲ့နိုင်ငံတွေအနေနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေကိုယ်စား စွဲဆိုခွင့် ရှိ၊ မရှိနဲ့ Convention ကို လိုက်နာဖို့ စောင့်ကြည့်ရမယ့်တာဝန် ရှိ၊ မရှိ ဆိုတာကိုဆုံးဖြတ်ပေးမယ့် ယန္တရားရယ်လို့ သီးသန့် မရှိခဲ့ပါ ဘူး။ အခုတော့ ဒီလိုဆုံးဖြတ်ပေးရမယ့် တာဝန်ကို ICJ တရားရုံးက ယူထားတာဖြစ်တဲ့အတွက် တရားရုံး အနေနဲ့ သေချာ ဂရုတစိုက်စစ်ဆေးပေးဖို့တာဝန်ရှိပါတယ်။ ဘယ်တရားရုံးမဆို ဘက်လိုက်မှု ကင်းကင်း နဲ့ တိတိကျကျဆောင်ရွက်ပေးရမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker က လျှောက်လဲခဲ့သည်။
ထို့ပြင် ဂမ်ဘီယာဘက်က (၂၀၁၆-၂၀၁၇)ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မြန်မာ စစ် တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများမှာ လူမျိုးသုဉ်းစေမှုဖြစ်သည်ဟူသော စွပ်စွဲချက်များကိုသာ အဓိကအသားပေးဖော်ပြခဲ့ပြီး ယင်းစစ်ဆင်ရေးများသည် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည် ဟူသည့်အချက်နှင့် ARSA ၏ ခြိမ်းခြောက်အန္တရာယ် ပြုမှုများကိုမူ လျှော့ ချဖော်ပြထားသည်ကိုတွေ့ရသည်။ ကြားနာပွဲအတွင်း ဂမ်ဘီယာဘက်ကစွပ်စွဲခဲ့သည့်နေရာများကို မြန် မာနိုင်ငံ၏အချေလွှာတွင် နေရာတစ်ခုချင်းအလိုက် အသေးစိတ် ခွဲခြမ်းစိတ်ဖြာတင်ပြခဲ့သော်လည်း ဂမ် ဘီယာသည် ၎င်း၏ ဒုတိယမြောက် အဆိုလွှာတွင် မူလကစွပ်စွဲထားသည့် “ကျေးရွာ ပေါင်းရာနှင့်ချီ” ဆို သည့်အရေအတွက်ကို လျှော့ချခဲ့ ပြီး မင်းကြီး၊ ချွတ်ပြင်နှင့်မောင်နု ကျေးရွာ (၃)ရွာကို သာ အဓိကထား စွပ်စွဲခဲ့သည်။ ဤသို့ အရေအတွက်များကို အတိုးအလျှော့ဖြင့်စွပ်စွဲခြင်းသည် ခိုင်မာသော သက်သေအ ပေါ် အခြေခံထားခြင်းမရှိသည်မှာ ထင်ရှားနေသည်။
ထို့ပြင် ဂမ်ဘီယာအသုံးပြုထားသည့် FFM ၏ အမည်မဖော်လိုသူ သက်သေ (၅၄)ဦးနှင့် တွေ့ ဆုံမေးမြန်းထားသောမှတ်တမ်းများအနက် (၅၃)ဦးသည် ARSA အဖွဲ့၏တည်ရှိမှုနှင့် အကြမ်းဖက် လှုပ် ရှားမှုများကိုထည့်သွင်းဖော်ပြခဲ့ခြင်းမရှိသည်ကိုတွေ့ရသည်။ ယင်းအချက်ကိုကြည့်ခြင်းအားဖြင့် ဂမ်ဘီ ယာ၏ ရက်စက်ကြမ်းကြုတ်မှုဆိုင်ရာစွပ်စွဲချက်များသည် စိစစ်ထားခြင်းမရှိသော အမည်မဖော်လိုသည့် သက်သေထွက်ဆိုချက်များနှင့် တွေ့ဆုံမေးမြန်းမှုမှတ်တမ်းများအပေါ်၌သာ အခြေခံထားခြင်းဖြစ်နေ သည်။
ဂမ်ဘီယာဘက်က တစ်ဆင့်ကြားသိရသည့်သက်သေခံချက်များသည် ခိုင်မာမှုမရှိကြောင်း လက် ခံထားသော်လည်း ယင်းသက်သေခံချက်များကိုပင် အမြဲမပြတ် ကိုးကားတင်ပြခဲ့သည်။ ထို့ပြင် သတင်း မီဒီယာဆောင်းပါးများကို ကျယ်ကျယ်ပြန့်ပြန့်ကိုးကားနေခြင်းအပါအဝင် FFM အစီရင်ခံစာများ၊ အခြား သောအဖွဲ့အစည်းများနှင့် NGO များ၏ အစီရင်ခံစာများကိုသာ အလွန်အမင်း အားကိုးအား ထားပြု၍ ကိုးကားထားသည်ကိုတွေ့ရသည်။
ထို့ပြင် ဂမ်ဘီယာသည် ဤအမှုကို အခွင့်ကောင်းယူ၍ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ် လျှောက်တွင် မရှိခဲ့ဖူးသော ရိုဟင်ဂျာ(၎င်းတို့အခေါ်) ဟူသော လူမျိုးတစ်မျိုးကို မြန်မာနိုင်ငံ၏ တရားဝင် လူမျိုးစုတစ်ခုသဖွယ် အတင်းအကျပ်သတ်မှတ်စေလိုသည့်စွပ်စွဲများလုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ အမှန်စင်စစ်အားဖြင့် နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေးနှင့် Genocide Convention သည် လုံးဝသက်ဆိုင်မှု မရှိပေ။ (၁၉၈၂)မြန်မာနိုင်ငံသားဥပဒေနှင့်သာ သက်ဆိုင်မှုရှိမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နိုဝင်ဘာလ (၁၉) ရက်တွင် မြန်မာရင်ဆိုင်နေရသောအမှုလုပ်ငန်းစဉ် အား လုံး ပြီးမြောက်တော့မည်ဖြစ်သည်။ ICJ စည်းမျဉ်း အပိုဒ်(၅၉)နှင့် ကုလသမဂ္ဂပဋိညာဉ်စာချုပ် အပိုဒ် (၉၄) (၁)တို့အရ ICJ ၏ စီရင်ချက်သည် အမှုတွင်ပါဝင်သည့်နိုင်ငံများအတွက် ဥပဒေအရ အပြီးသတ် လိုက်နာရန်တာဝန်ရှိပြီး အဆိုပါစီရင်ချက်အပေါ် ထပ်မံအယူခံဝင်ခွင့်မရှိပေ။ စီရင်ချက်ကိုလိုက်နာရန် ပျက်ကွက်ပါက အခြားတစ်ဖက်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြပိုင်ခွင့်ရှိပြီး၊ လုံခြုံရေး ကောင်စီအနေဖြင့်လည်း အပိုဒ် (၉၄)(၂)အရ စီရင်ချက် အကောင်အထည်ဖော်ရေးဆိုင်ရာအစီအမံများ သို့မဟုတ် အကြံပြုချက်များကို ထုတ်ပြန်နိုင်သည်ဟု သိရသည်။ သို့သော် သမိုင်းတွင် လုံခြုံရေးကောင်စီ သည် ဤလုပ်ပိုင်ခွင့်ကို ယခုအချိန်ထိ အသုံးပြုခဲ့ခြင်း မရှိသေးပေ။
သမိုင်းကြောင်းအရ နိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏စီရင်ချက်များကို လိုက်နာဆောင်ရွက်ရာတွင် သံတမန်ရေးရာ ညှိနှိုင်း ဖြေရှင်းခြင်း၊ စာချုပ်များလက်မှတ်ရေးထိုးခြင်း၊ လျော်ကြေးပေးခြင်း၊ နယ်နိမိတ်ပြင်ဆင်သတ်မှတ်ခြင်း သို့မဟုတ် မူဝါဒများပြောင်းလဲကျင့်သုံးခြင်း စသည့်နည်းလမ်းများဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံအများစုသည် သံတမန်ရေးရာဖိအားများ၊ နိုင်ငံတကာ ဥပဒေစံချိန်စံညွှန်းများနှင့် မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးတည်တံ့ခိုင်မြဲလိုသည့် ဆန္ဒ များကြောင့် တရားရုံး၏စီရင်ချက်များကို လိုက်နာလေ့ရှိကြသည်။ သို့သော်လည်း လိုက်နာဆောင်ရွက်မှု အခြေအနေမှာ အမှုတစ်ခုနှင့်တစ်ခုအလိုက် ဖြစ်ရပ်ချင်းမတူညီဘဲ ကွဲပြားမှုရှိခဲ့ပြီး စီရင်ချက်များကို အ ပြည့်အဝ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုများလည်းရှိခဲ့ကြသည်။ ထို့ပြင် ထင်ရှားသည့် ထိပ်သီး နိုင်ငံအချို့မှာမူ တရားရုံး၏ဆုံးဖြတ်ချက်များကို ပယ်ချခြင်း သို့မဟုတ် လျစ်လျူရှုခြင်း များပြုလုပ်ခဲ့ ကြသည်များလည်း ရှိခဲ့သည်။
ှုဃဲ တရားရုံးတွင် စတင်စွဲဆိုခံရချိန်မှစ၍ ပင်မကြားနာပွဲများအထိ မြန်မာနိုင်ငံအနေဖြင့် မိမိ တို့၏ အမှန်တရားနှင့် ဥပဒေကြောင်းဆိုင်ရာ ခုခံချေပချက်များကို အသေးစိတ်သေချာစွာပြင်ဆင် လျှောက်လဲခဲ့သည်။ ဂမ်ဘီယာ၏ သက်သေအထောက်အထား ခိုင်မာမှုမရှိသည့်စွဲဆိုမှုများကို အချက်အ လက်ကျကျ တုံ့ပြန်နိုင်ခဲ့သော်လည်း လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသော ဆိုးရွားသည့်စွဲချက်ဖြင့်ရင်ဆိုင်နေ ရခြင်းဖြစ်ရာ နိုဝင်ဘာလ (၁၉)ရက်တွင်ထွက်ပေါ်လာမည့် ICJ ၏ အပြီးသတ်စီရင်ချက်သည် မြန်မာနိုင်ငံ အတွက် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးအရ အရေးပသောအချိုးအကွေ့တစ်ခု ဖြစ်လာမည်ဖြစ် သဖြင့် အကောင်းဆုံးရလဒ်ကိုမျှော်လင့်ထားရင်းမှပင် အဆိုးဆုံးအခြေအနေနှင့်ရင်ဆိုင်ရပါကလည်း ကြံ့ ကြံ့ခံတုံ့ ပြန်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။

