
နေပြည်တော် နိုဝင်ဘာ ၁၆
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃၀) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ စုဖွဲ့၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြပြီး ယနေ့ နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃၀) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃၀) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လ ၁၀ ရက်တွင် စတင်အာဏာ တည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃၀) မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -
အင်တာဗျူး - ၁
စစ်ပညာရပ်တွေကို သင်ကြားချင်လို့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃၀) ကို လာရောက်တက်ခဲ့ခြင်းဖြစ်ပါတယ်။
သင်တန်းကာလမှာလည်း သင်တန်းနည်းပြတွေ သင်ကြားပေးတဲ့ စစ်နည်းဗျူဟာတွေကို တိတိကျကျ မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်သွားမှာပါလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
နောင်လာမယ့် ညီအစ်ကိုတွေအတွက်ကတော့ မြန်မာနိုင်ငံသားပီသစွာနဲ့ မြန်မာနိုင်ငံတော် စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်အရ လာရောက်ပြီးတော့ အလှည့်ကျ အလေးအနက်ထား တာဝန်ထမ်းဆောင်ပေးပါလို့ ပြောချင်ပါတယ်။
အင်တာဗျူး - ၂
ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်တဲ့အပေါ်မှာ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ နိုင်ငံတော်ကို ကာကွယ်နိုင်ပြီဆိုပြီးတော့ သန္နိဋ္ဌာန်ချမှတ်ပြီးတော့မှ နိုင်ငံရဲ့ မြေထု၊ လေထု၊ ရေထုအားလုံးကို ကာကွယ်ဖို့အတွက် မိမိတို့ဆီမှာ တာဝန်ရှိလာပြီဆိုတဲ့ အသိစိတ်ကိုရနိုင်ပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်းကို တက်ရောက်မယ့် လူငယ်တွေအတွက်လည်း လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ကိုယ့်နိုင်ငံတော်ရဲ့ လေထု၊ မြေထု၊ ရေထုကို ကိုယ်ပဲ ကာကွယ်ရမှာပဲဖြစ်ပါတယ်။
သတင်းစဉ်

