Myanmar Digital News

ရေငန်စပါးစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးအောင် ဆောင်ရွက်စို့

သက်ဇော်

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု၏ နောက်ဆက်တွဲသက်ရောက်မှုများဖြစ်သော ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် မုန်တိုင်း ဒီရေတက်ရောက်မှုများကြောင့် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများရှိ စိုက်ပျိုးမြေဧက သိန်းပေါင်းများစွာတွင် ဆားငန်ရေဝင်ရောက်မှုပြဿနာကို ပြင်းထန်စွာ ရင်ဆိုင်နေရပါသည်။

ဤစိန်ခေါ်မှုကို အခွင့်အလမ်းတစ်ရပ်အဖြစ် ပြောင်းလဲနိုင်ရန်အတွက် သာမန်စပါးများ မရှင်သန်နိုင်သော ရေငန်စပ်မြေများတွင် ရေငန်ခံစပါးများကို တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်ခြင်းသည် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုရုံသာမက တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့် မဟာဗျူဟာမြောက် အရေးပါသော အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာပါသည်။

ရေငန်စပါး (ရေငန်ခံစပါး) ဆိုသည်မှာ

ရေငန်စပါးဆိုသည်မှာ မြေဆီလွှာအတွင်း ဆားဓာတ်ပါဝင်မှုနှုန်း မြင့်မားခြင်းနှင့် ဆားငန်ရေဝင်ရောက်မှုဒဏ်ကို အန်တုခံနိုင်ရည်ရှိပြီး သာမန်စပါးမျိုးများ မရှင်သန်နိုင်သော ပတ်ဝန်းကျင်တွင် အောင်မြင်စွာ ကြီးထွားရှင်သန်ကာ အထွက်နှုန်းကောင်းမွန်စွာ ထုတ်လုပ်ပေးနိုင် သည့် အထူးစပါးမျိုးစိတ်များ ဖြစ်ပါသည်။

သာမန်စပါးမျိုးများသည် လျှပ်စစ်စီးကူးမှုနှုန်း(EC)2dS/m အထက် တွင် အထွက်နှုန်းစတင်ကျဆင်းသော်လည်း ရေငန်ခံစပါးများသည် EC 4 dS/m မှ 8 dS/m (အချို့ဒေသမျိုးများတွင် 10 dS/m အထိ) ဆားငန်ဓာတ်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိကြပါသည်။

အပင်၏အမြစ်နှင့် ပင်စည်တို့မှတစ်ဆင့် ဆားအိုင်းယွန်းများ အနှံဆီသို့မရောက်ရှိအောင် စစ်ထုတ်တားဆီးနိုင်စွမ်းနှင့် ဆဲလ်အတွင်း ဆားဓာတ်ကို မျှခြေထိန်းညှိနိုင်စွမ်းတို့ပါရှိခြင်းက ၎င်းတို့၏ ဇီဝကမ္မ ဗေဒဆိုင်ရာ အဓိကအားသာချက်ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ရေငန်စပါး စိုက်ပျိုးနိုင်သည့် ဒေသများနှင့် မြေဧက အချက်အလက်များ

မြန်မာနိုင်ငံသည် ကီလိုမီတာ ၂၈၀၀ ကျော် ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားရာ အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် ရေငန်စပ်စိုက်ပျိုးမြေကျယ်ပြန့်စွာ တည်ရှိနေပါသည်-





စဉ်


တိုင်းဒေသကြီး / ပြည်နယ်


အဓိကစိုက်ပျိုးနိုင်သည့် ခရိုင်/မြို့နယ်များ


စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ခန့်မှန်းဧရိယာ(ဧက)




၁


ဧရာဝတီတိုင်းဒေသကြီး


လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း


၆၅၀,၀၀၀ - ၈၀၀,၀၀၀ ခန့်




၂


ရခိုင်ပြည်နယ်


စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ


၃၀၀,၀၀၀ - ၄ဝဝ,ဝဝဝ ခန့်




၃


ရန်ကုန်တိုင်းဒေသကြီး


ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကော့မှူး


၁၅၀,၀၀၀ - ၂၀၀,၀၀၀ ခန့်




၄


ပဲခူးတိုင်းဒေသကြီး


ကဝ၊ သနပ်ပင်၊ ဝေါ(စစ်တောင်းမြစ်ဝှမ်းရေငန်ဝင်ဒေသများ)


၁၀၀,၀၀၀ - ၁၅ဝ,ဝဝဝ ခန့်




၅


မွန်ပြည်နယ်


ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော


၁၂ဝ,ဝဝဝ - ၁၈ဝ,ဝဝဝ ခန့်




၆


တနင်္သာရီတိုင်းဒေသကြီး


ထားဝယ်၊ လောင်းလုံး၊ မြိတ်၊ ကျွန်းစု


၈ဝ,ဝဝဝ - ၁၂ဝ,ဝဝဝ ခန့်




စုစုပေါင်း ခန့်မှန်းဧရိယာ


တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်


၁,၄ဝဝ,ဝဝဝ - ၁,၈၅၀,၀၀၀ ခန့်



 
 
 
 
 




 

စိုက်ပျိုးနိုင်သည့် မျိုးစိတ်များ၊ ပြည်ပမျိုးများနှင့် တစ်ဧက ခန့်မှန်း ထွက်ရှိနှုန်းများ

မြန်မာနိုင်ငံ စိုက်ပျိုးရေးသုတေသနဦးစီးဌာန(DAR)နှင့် နိုင်ငံတကာ ဆန်စပါးသုတေသနဌာန(IRRI)တို့၏ သုတေသနပြု ထုတ်လုပ်ထား သော ဒေသတွင်းမျိုးများနှင့် အထွက်ကောင်း ပြည်ပမျိုးစိတ်များကို အောက်ပါအတိုင်း တွဲဖက်စိုက်ပျိုးနိုင်ပါသည်-

ဆင်းသွယ်လတ် (ရေငန်ခံ) ။ သက်လတ်မျိုး၊ ဆားငန်ခံနိုင်ရည် 4-6 dS/mi အထွက်နှုန်း ၇၅ - ၉ဝ တင်း/ဧက (ဆန်အရည် အသွေးကောင်းမွန်သည်)။

ရွှေအာဆီယံ (Saline) ။ သက်လျင်မျိုး၊ ဆားငန်ခံနိုင်ရည် 6-8 dS/m၊ အထွက်နှုန်း ၈၀ - ၉၅ တင်း/ဧက (နွေ/မိုး နှစ်ရာသီ စိုက်ပျိုးနိုင်သည်)။

ပြည်တော်ရင် (ရေငန်ခံ) ။ ဆားငန်ဒဏ်အထူးခံနိုင်ရည်ရှိပြီး အပင်ယိုင်လဲမှု နည်းပါးကာ အထွက်နှုန်း ၇၀ - ၈၅ တင်း/ဧက ထွက်ရှိသည်။

CSR-36 / BRRI dhan 47 (နိုင်ငံတကာ အထွက်ကောင်းမျိုးများ)။ ဆားငန်ဒဏ် 6-8 dS/m အထိ ခံနိုင်ရည်ရှိပြီး အထွက်နှုန်း ၇၅ - ၉၀ တင်း/ဧက အထိ ထွက်ရှိကာ ပြည်ပပို့ကုန်ဈေးကွက်တွင် အလွန်ရေပန်းစားသည်။

တောင်သူများရရှိမည့် အကျိုးခံစားမှု။ ယခင်က မြေလပ်အဖြစ် စွန့်ပစ်ထားရသော လယ်မြေများမှ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း တင်း ၈၀ ခန့်ထွက်ရှိလာမည်ဖြစ်ပြီး တစ်တင်းလျှင် ငွေကျပ် ၂၂၅၀၀ ဖြင့် တွက်ချက်ပါက တစ်ဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၉၅၀၀၀၀ ဖယ်ပြီး အသားတင်အမြတ်ငွေကျပ် ၈၅၀၀၀၀ ခန့်ကို တောင်သူများ တိုက်ရိုက်ရရှိခံစားကြရမည် ဖြစ်ပါသည်။

ရေငန်စပါးသည် ဆီးချိုဝေဒနာရှင်များအတွက် အထောက်အကူ ဖြစ်စေခြင်း

ရေငန်စပ်မြေများတွင် စိုက်ပျိုးထွက်ရှိသော ဆန်များသည် ခေတ်မီလူ့အဖွဲ့အစည်းတွင် အလွန်အမင်း လိုအပ်လျက်ရှိသော ကျန်းမာရေးဆိုင်ရာ အားသာချက်များကို ပိုင်ဆိုင်ထားပါသည်-

Glycemic Index (GI) နိမ့်ပါးခြင်း။ ရေငန်စပ်မြေရှိ သဘာဝသတ္တုဓာတ်များနှင့် အပင်၏ ဇီဝကမ္မတုံ့ပြန်မှုကြောင့် ဆန်သားအတွင်း Amylose ပါဝင်မှုမြင့်မားပြီး အစာခြေဖျက်နှုန်း နှေးကွေးသဖြင့် စားသုံးပြီးနောက် သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။

အမျှင်ဓာတ်နှင့် သတ္တုဓာတ်ကြွယ်ဝခြင်း။ လုံးတီးဆန်အဖြစ် ကြိတ်ခွဲစားသုံးပါက အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နှင့် ဇင့်ဓာတ်တို့ ကြွယ်ဝစွာပါဝင်သဖြင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါဝေဒနာရှင်များအတွက် အလွန်ပင် သင့်လျော်ကောင်းမွန်ပါသည်။

ပြည်ပဈေးကွက်နှင့် နိုင်ငံတော်စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေမှု

ရေငန်စပါးမှ ထွက်ရှိသောဆန်များကို သာမန်ဆန်ကြမ်းဈေးကွက် အဖြစ် မရောင်းချဘဲ "Myanmar Coastal Low-GI Specialty Rice" အဖြစ် တန်ဖိုးမြှင့်အမှတ်တံဆိပ်ပြုလုပ်၍ ပြည်ပသို့ တင်ပို့နိုင်ပါသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများ (ယူအေအီး ၊ ဆော်ဒီအာရေဗီးယား၊ ကာတာ)၊ စင်ကာပူ၊ မလေးရှားနှင့် ဥရောပသမဂ္ဂနိုင်ငံများတွင် ကျန်းမာရေးဆန် (Low-GI & Organic Rice) များအတွက် ဝယ်လိုအား အလွန်မြင့်မားပြီး ပရီမီယံဈေးနှုန်း (တစ်တန်လျှင် USD ၇၅၀ ခန့်) ဖြင့် ရရှိနေပါသည်။

ဤစပါးမျိုးများကို ဧက ၁၀၀၀၀၀ အထိ တိုးချဲ့စိုက်ပျိုးနိုင်ခြင်း ဖြင့် နိုင်ငံတော်အတွက် ငါးနှစ်အတွင်း စုစုပေါင်းဝင်ငွေကျပ် သန်း ၆၇၁၀၀၀ နှင့် လုပ်ငန်းလည်ပတ်မှုအမြတ်ကျပ်သန်း ၁၇၁၅၀၀ အထိ ဖော်ထုတ်ပေးနိုင်မည်ဖြစ်ရာ နိုင်ငံခြားဝင်ငွေတိုးပွားစေပြီး အမျိုးသားစီးပွားရေးကို ကြီးမားစွာအထောက်အကူပြုမည်ဖြစ်ပါသည်။

ရေငန်စပါး စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူး ၁၀ ရပ်

၁။ ဆားငန်ရေဝင်ရောက်မှုကြောင့် ပျက်စီးနေသော မြေလပ်ဧက သိန်းပေါင်းများစွာကို စိမ်းလန်းစိုပြည်သော စိုက်ပျိုးမြေအဖြစ်သို့ ပြန်လည်ပြောင်းလဲနိုင်ခြင်း၊

၂။ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး သီးနှံပျက်စီးဆုံးရှုံးမှု အန္တရာယ်ကို လျှော့ချနိုင်ခြင်း၊

၃။ တောင်သူလယ်သမားများ၏ ဝင်ငွေနှစ်ဆတိုးတက်လာပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ခြင်း၊

၄။ ပြည်တွင်းရှိ ဆီးချိုဝေဒနာရှင်များနှင့် ပြည်သူများအတွက် အရည်အသွေးမြင့် ကျန်းမာရေးဆန်ကို ဖူလုံစွာ စားသုံးနိုင်စေခြင်း၊

၅။ နိုင်ငံတကာ ဈေးကွက်သို့ တန်ဖိုးမြှင့် ပို့ကုန်အဖြစ် တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေ တိုးပွားလာခြင်း၊

၆။ မြေဆီလွှာအတွင်း ဆားဓာတ်စုပုံမှုကို သီးနှံစိုက်ပျိုးခြင်းဖြင့် ထိန်းချုပ်နိုင်ပြီး ကမ်းရိုးတန်းဂေဟစနစ်ကို ပြန်လည်ကောင်းမွန်စေခြင်း၊

၇။ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေး၊ ရိတ်သိမ်းခြင်း၊ ဆန်စက် လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး ကွင်းဆက်တစ်လျှောက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း၊

၈။ မြို့ပြသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုများကို သိသာစွာ လျှော့ချနိုင်ခြင်း၊

၉။ ကျေးလက်ဒေသ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊

၁၀။ နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရန်ပုံငွေများနှင့် စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်း။

 ရေငန်စိုက်စပါး စိုက်ပျိုးထုတ်လုပ်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍ တစ်ခုတည်းကိုသာမက ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပို့ကုန်မြှင့်တင်ရေးနှင့် ဒေသဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဟူ၍ ဘက်စုံကဏ္ဍစုံကို အကျိုးပြုလျက်ရှိပါသည်။

သို့ဖြစ်၍ တောင်သူဦးကြီးများအနေဖြင့် စိန်ခေါ်မှုများကို လက်ပိုက် ကြည့်မနေဘဲ ခေတ်မီနည်းပညာများနှင့် ရေငန်ခံမျိုးကောင်းများကို အသုံးချကာ မိမိတို့၏ လယ်မြေများကို အကျိုးရှိရှိ ပြန်လည်ဖော်ထုတ် ကြရန်နှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများရှိ ဆားငန်ရေဝင်ရောက်သည့် စိုက်ပျိုးမြေဧကသိန်းပေါင်းများစွာကို အကျိုးရှိရှိ ပြန်လည်ဖော်ထုတ်အသုံးချနိုင်ရေး၊ ရေငန်ခံစပါးမျိုးကောင်းများ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝမြှင့်တင်ရေးနှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ရေးသားတင်ပြလိုက်ရပါသည်။ ။

မူရင်းသတင်း — Myanmar Digital News