NP News

စစ်ကိုင်းအထက်ပိုင်း သကြားစက်ရုံ (၃) ရုံနယ်မြေတွင် ကြံစိုက်ပျိုးမှုမှ တန်ချိန် (၁၀) သိန်းခန့် လျော့ကျသွား

သန့်ဇင် (NP News)-နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ သကြားစက်ရုံ (၃) ရုံနယ်မြေတွင် ယခုနှစ် (၂၀၂၆-၂၀၂၇) ကြံရာသီ၌ ကြံစိုက်ပျိုးမှု တန်ချိန် (၁၀) သိန်းခန့်လျော့ကျသွားပြီဖြစ်ကြောင်း ကြံစိုက်တောင်သူများ အရေးဆောင်ရွက်သူတစ်ဦးက NP News သို့ပြောသည်။
အဆိုပါ သကြားစက်ရုံ (၃) ရုံမှာ ကသာ ခရိုင်အတွင်းရှိ မောင်းကုန်းသကြားစက်၊ MEC သကြား စက်နှင့် ပျဉ်ထောင်လေး သကြားစက်တို့ဖြစ်ပြီး ကြံကြိတ်ဝါးနိုင်မှုမှာ ယခင်နှစ်များက တန်ချိန် သိန်း ဆယ်နှင့်ချီရှိခဲ့သော်လည်း (၂၀၂၄) ခုနှစ်မှစတင်ကာ ကြိတ်ဝါးနိုင်မှုလျော့ကျသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကြံစိုက်တောင်သူများလည်း စိုက်ပျိုးမှုလျှော့ချခဲ့ကြရာ လက်ရှိတွင် အဆိုပါ စက်ရုံ (၃) ရုံ၏ ကြံနယ်မြေ နယ်နိမိတ်အတွင်း ကြံစိုက်ပျိုးမှု မှ တန်ချိန်(၇)သိန်းခန့်သာ ကြိတ်ဝါးနိုင်တော့ ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“ကျွန်တော်တို့ စစ်ကိုင်းတိုင်းထဲက ခုနက စက်ရုံ (၃)ရုံနယ်မြေမှာဆိုရင် ကြံတန်ချိန် (၁၇) သိန်း လောက်ထွက်ခဲ့ရာက အခုနှစ်မှာ (၇) သိန်းလောက်ပဲ ရှိတော့တယ်။ အဲဒီလောက် လျော့သွားတာ။ နိုင်ငံ တော်အတွက်လည်း ကုန်ထုတ်လုပ်မှုစွမ်းအားတွေ ကျကုန်ပြီပေါ့ဗျာ။ စိတ်မကောင်းဘူး။ တောင်သူတွေ လည်း အဆင်မပြေကြတော့ဘူး။ ဈေးကွက်ထဲမှာ လည်း တောင့်မခံနိုင်ကြတော့ဘူးလေ”ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခုနှစ်တွင် ယင်းစက်ရုံ (၃) ရုံမှ ကြံတစ်တန် ရည်ညွှန်းပေါက်ဈေးကို ကျပ် (၁၃၅၀ဝဝ) သာ စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း ဒေသခံကြံစိုက်တောင်သူများထံ စကားပါးထားရာ တောင်သူ များဘက်မှ လက်မခံသေးကြောင်းလည်း ၎င်းကဆိုသည်။
“(၁၃၅၀ဝဝ) ကျပ်ပေါ့နော်။ စာတော့ မထွက်သေးဘူး။ ကျွန်တော်တို့ တောင်သူတွေကို လိုက် ပြောတာကတော့ ဘယ်ဈေးနဲ့ ဝယ်မယ်ဆိုတာ ရှင်းပြတာ (၁၃၅၀ဝဝ) နဲ့ ဝယ်မယ်ပေါ့။ လက်တော့ မခံ ကြသေးဘူး။ သက်ဆိုင်ရာနဲ့ ဆွေးနွေးညှိနှိုင်းပေးကြဖို့တော့ တိုင်ပင်နေကြတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ငွေရည်ပုလဲ သကြားစက်သည် ကြံတစ်တန်လျှင် ကျပ် (၁၈၀ဝဝဝ) ခန့် စတင်ဖွင့်လှစ်နေပြီဖြစ်သောကြောင့် ကသာခရိုင်အတွင်းမှ ကြံစိုက်တောင်သူများအနေ ဖြင့်လည်း ယင်းဈေးနှုန်းနီးပါးရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
“ဘာကြောင့် ဒီလောက်ပဲ ဖွင့်နိုင်တာလဲလို့လည်း မပြောဘူးခင်ဗျ။ ကျွန်တော်တို့က မနှစ်တုန်းက (၁၂၅၀ဝဝ) တို့ (၁၂၀ဝဝဝ) တို့ ဖြစ်မယ်ဆိုတာကို တောင်သူတွေက ဘာကြောင့်လက်ခံလဲဆိုတော့ လမ်း ပန်းဆက်သွယ်ရေး ခက်ခဲလို့၊ ကုန်ကျစရိတ်တွေ များလို့၊ သကြားအိတ်တွေ သယ်ရတာများလို့ လက်ခံ ခဲ့ တာ။ အခုနှစ်က လမ်းပန်းဆက်သွယ်ရေးမှာ ကုန်စည်စီးဆင်းမှု (၅၀) ရာခိုင်နှုန်းလောက် တန်ဆာခက လျော့သွားပြီလေ၊ သက်သာသွားပြီ။ အဲဒါဆိုတော့ တောင်သူတွေက ငွေရည်ပုလဲလို (၁၈၀,ဝဝဝ)လောက် မရရင်တောင် (၁၆၀ဝဝဝ) လောက် ရချင်ကြတာပေါ့” ဟု ၎င်းကဆက်ပြောသည်။
ယခင်နှစ်များက ကြံတန်ချိန် (၈၀ဝဝ) ခန့် ကြိတ်ဝါးနိုင်ခဲ့သည့် မောင်းကုန်းသကြားစက်ရုံသည် လည်း လုံခြုံရေးအခြေအနေများကြောင့် မလည်ပတ်နိုင်ခဲ့သည့်အပြင် MEC နှင့် ပျဉ်ထောင်ကလေး သကြားစက်တို့မှလည်း ကြိတ်ဝါးနိုင်မှု လျော့ကျခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ကြံစိုက်တောင်သူ များစွာ အရှုံးပေါ်ခဲ့ရပြီး အချို့မှာ ကြံခင်းများစွာကို မီးရှို့ဖျက်ဆီး ခဲ့ရသည်အထိ အခြေအနေ ဆိုးရွားခဲ့ ကြောင်း သိရသည်။

မူရင်းသတင်း — NP News