NP News

ထိုင်းရောက် မြန်မာလုပ်သားသစ်များ CI လျှောက်ထားရာတွင် (၂၅) ရာခိုင်နှုန်း ငွေလွှဲ စလစ် အတွက် အခက်အခဲရှိနေ

ပုလဲ (NP News)-နိုဝင်ဘာ ၁၇
ထိုင်းနိုင်ငံတွင် CI (Certificate of Ide­ntity) အသစ်လျှောက်ထားမည့် မြန်မာအလုပ်သမား အသစ်များအနေဖြင့် မိသားစုထံတရားဝင်လမ်း ကြောင်းမှ (၂၅)ရာခိုင်နှုန်း ပြန်လည်လွှဲပို့ထားသည့် စလစ်တင်ပြရန်အခက်အခဲရှိကြောင်း ထိုင်းနိုင်ငံ ရောက် မြန်မာလုပ်သားများနှင့် နီးစပ်သူများက NP News သို့ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။
ထိုင်းနိုင်ငံတွင် ဘတ်ရိုက်ထားသည့်အ လုပ်သမားအသစ်များအနေဖြင့် တရားဝင်ငွေလွှဲနိုင်သည့် ဘဏ်အကောင့်၊ True Money Wallet သို့မဟုတ် Western Union အကောင့်များ မရှိသေးသဖြင့် (၂၅) ရာခိုင်နှုန်းငွေလွှဲစလစ်ရရှိရန် အခက်အခဲရှိနေကြောင်းသိရသည်။
“(၂၅) ရာခိုင်နှုန်းက မိသားစုဆီကိုလွှဲပေးရမယ်ဆိုတာကို ကျွန်တော်တို့က လက်ခံတယ်။ ဒါပေမဲ့ အခု ဒီ CI စလုပ်မယ့်လူတွေက ပြီးခဲ့တဲ့နှစ်မှာမှ ဘတ်ရိုက်ထားတဲ့လူတွေဗျ။ ပြီးခဲ့တဲ့နှစ်မှာမှ ဘတ်ရိုက် ထားတဲ့ လူတွေဖြစ်တဲ့အတွက် ဒီလူတွေက တရားဝင်လမ်းကြောင်းကနေ လွှဲဖို့ဆို သူတို့မှာ True Wallet အကောင့်ဆိုတာလည်းမရှိဘူး။ ဘဏ်အကောင့်လည်း ဖွင့်လို့မရဘူး။ ပြီးသွားရင် Western Union အ ကောင့်လည်း ဖွင့်လို့မရဘူးခင်ဗျ။ တရားဝင် လမ်းကြောင်းကနေ ငွေလွှဲဖို့အတွက်လေ”ဟု ထိုင်းနိုင်ငံ ရောက်မြန်မာလုပ်သားများနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိလာကြသူများအနေဖြင့် လည်း Work Permit မရရှိသူများရှိနေပြီး အလုပ်အကိုင်ကောင်းရရှိရန် ခက်ခဲကြောင်းလည်း သိရသည်။
“နောက်ထပ် နံပါတ်နှစ်က အကြောင်းအမျိုးမျိုးကြောင့် ခိုးလမ်းကနေခိုးဝင်လာရတဲ့ကလေး တွေက အထောက်အထားမရှိတဲ့အတွက် အလုပ်လုပ်ရတာခက်ခဲတဲ့အတွက် သူတို့အထောက်အထား တွေ လုပ်ကြတယ်။ မရှိရှိတာရှာကြံပြီးတော့ သူတို့အလုပ်တွေ လုပ်ကြတယ်။ အလုပ်တွေလုပ်လို့ ဒီ အထောက် အထားရိုက်တဲ့အချိန်မှာလည်း ထိုင်းဘက်ကနေပြီးတော့ Work Permit ကတ်ရမှ ပြောင်းခွင့် ဆိုတဲ့ဟာ မျိုးလေးဖြစ်တဲ့အခါကျတော့ အခု နှစ်သာကုန်သွားတယ်ဗျာ တချို့ဆို Work Permit ကတ် မရသေးတဲ့ ကလေးတွေအများကြီးပဲ။ ထိုင်းမှာရောက်ရှိနေတဲ့လူတွေထဲမှာ ဒီနှစ် ဘတ်ရိုက်ထားတဲ့ ကလေးတွေက အလူးအလဲခံလာရတာ။ Work Permit ကတ်မရလို့ အလူးအလဲခံစားနေရတာ။ အခု ဒီ (၁၂) လပိုင်းဆိုလို့ ရှိရင် သက်တမ်းတိုးရက်ချိန်းပိတ်ပြီ။ သူတို့က အလုပ်မကောင်းတဲ့အနေအထားမှာ သက်တမ်းက တစ်ခါ ထပ်တိုးရဦးမယ်”ဟု ၎င်းကပြောသည်။
ထိုသို့ အလုပ်အကိုင်မကောင်းခြင်း၊ လုပ်ခ လစာနည်းပါးခြင်းနှင့် ဘဏ်အကောင့်များဖွင့်မရခြင်း တို့ကြောင့် မဖြစ်မနေCI ပြုလုပ်လိုသော်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့က သူများနိုင်ငံမှာနေတာဖြစ်တဲ့အတွက် CI က မဖြစ်မနေကိုလုပ်ရမှာဖြစ်တဲ့ အတွက် ကလေးတွေကဗျာ ပါးပါးပါးပါး လှီးခံလာရပြီးသွားပြီ။ အဆင်မပြေတဲ့အချိန်တွေထဲမှာမှ ကျွန် တော်တို့ CI လုပ်တဲ့အချိန်မှာ အိမ်လွှဲငွေ (၂၅) ရာခိုင်နှုန်း စလစ်တောင်းတဲ့အခါကျတော့ ဒီကလေးတွေ က နံပါတ်တစ် အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ကိုလွှဲဖို့ ပိုက်ဆံမရှိဘူး။ ဘဏ်တွေမရှိဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါအခြေအနေများကြောင့် CI အသစ်ပြုလုပ်မည့်အလုပ်သမားများအတွက် (၂၅) ရာခိုင် နှုန်းငွေလွှဲစလစ်တောင်းခံခြင်းကို ဖြေလျှော့ပေးသင့်ကြောင်းလည်း ၎င်းကအကြံပြုထားသည်။
“ထိုင်းမှာရောက်နေတဲ့ (၆)သန်းသော လူတွေသည် MOU နဲ့ ရောက်လာတဲ့လူတွေကလည်း အများကြီးပဲ။ လူဟောင်းတွေဆီကပဲ လောလောဆယ်မှာ ဒီ (၂၅%) စလစ်ဆိုတဲ့ဟာကိုတောင်းပြီးတော့ အခုမှ အသစ်လုပ်မယ့်လူတွေကို ဒီကျွန်တော်တို့ တရားဝင် 7-Eleven မှာ တစ်နှစ်စာ အခွန်သွင်း လိုက်ရုံလောက်နဲ့ CI ကိုလုပ်စေချင်တယ်” ဟုပြောသည်။
(၂၅)ရာခိုင်နှုန်း ငွေလွှဲစလစ်မရှိသည့် အလုပ်သမားများအနေဖြင့် CI လုပ်ဆောင်နိုင်ရန် စလစ်ကို ပြင်ပမှ ဝန်ဆောင်ခပေး၍ရယူနေရပြီး စလစ်နှင့်ဝန်ဆောင်ခအပါအဝင် ကုန်ကျစရိတ်မှာ ဘတ် (၈ဝဝဝ) မှ (၉ဝဝဝ) ဝန်းကျင်အထိ ရှိနေ ကြောင်းသိရသည်။
“အခုလက်ရှိ ကလေးတွေဆိုရင် CI လုပ်ချင်တယ်။ ဒါပေမဲ့ ဒီ (၂၅) ရာခိုင်နှုန်းဆိုတဲ့ မြန်မာ ပြည်ကို တရားဝင်လမ်းကြောင်းကငွေလွှဲထားတဲ့ လစ်မှတ်တမ်း သူတို့မှာမရှိမနေဘူး။ အဲဒီစလစ် မှတ် တမ်းလိုချင်တယ်ဆိုလို့ရှိရင်လည်း ဈေးကြီးပေးပြီး ဝယ်နေရတယ်ဗျ။ စလစ်ဝန်ဆောင်ခ အပါအဝင်ဆို အကြမ်းဖျင်းကုန်ကျစရိတ်က အပြင်မှာ (၈,ဝဝဝ)၊ (၉,ဝဝဝ) ပေါက်နေတယ်။ ပြီးတော့မှ ဒီနှစ်မှ ဘတ် ရိုက်ထားတဲ့ကလေးတွေက အခက်အခဲဆုံးဖြစ်နေတဲ့အချိန်ဖြစ်နေတယ်”ဟုပြောသည်။

မူရင်းသတင်း — NP News