NP News

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများတွင် လုံးဝမေးမြန်းဆောင်ရွက်ခြင်း မရှိသည့် ရွေးကောက်ခံကိုယ်စားလှယ် (၂၂) ဦးရှိဟုဆို

ပုလဲ (NP News) - နိုဝင်ဘာ ၁၇

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ယနေ့အထိ ကြယ်ပွင့်ပြ၊ ကြယ်ပွင့် မပြ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း စသည်များကို လုံးဝမေးမြန်းဆောင်ရွက်ခြင်း မရှိသည့် ရွေးကောက်ခံကိုယ်စားလှယ် (၂၂) ဦးရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၏ ပြောကြားချက်အရ သိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၆ရက်) ကကျင်းပသော တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အချိန်ကပ်ပြီး ထပ်မံရောက်ရှိလာသည့် မေးမြန်းရန်ကျန် ကြယ်ပွင့်ပြ မေးခွန်း (၃၂) ခုနှင့် ဖြေဆိုရန်ပေးပို့ထားဆဲ ကြယ်ပွင့်ပြမေးခွန်း (၆၆) ခု ကျန်ရှိကြောင်း၊ အဆိုပါမေးခွန်းများကို တတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ဦးစားပေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ယခုကျင်းပလျက်ရှိသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို (၂၉) ရက် ကျင်းပခဲ့ကြောင်း၊ လွှတ်တော်၏ အဓိကတာဝန်တစ်ရပ်ဖြစ်သည့် ဥပဒေပြုရေး လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် တတိယပုံမှန်အစည်းအဝေးကာလအတွင်း ဥပဒေကြမ်း လေးခု အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီ (၂၂) ရပ်၏ ဆောင်ရွက်ချက်များအနေဖြင့် စိစစ်ရန် ခွဲဝေပေးထားသည့် တည်ဆဲဥပဒေများကို စိစစ်သုံးသပ်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု အစည်းအဝေးကာလအတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇၈)ကြိမ်၊ ပြင်ပဧည့်သည်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၉၆) ကြိမ်၊ သီးခြားအလုပ်ရုံဆွေးနွေးပွဲ (၁၉) ကြိမ်နှင့် Seminar (၁၃) ကြိမ်ကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လွှတ်တော်အစည်းအဝေးကာလ ကြယ်ပွင့်ပြမေးခွန်းပေါင်း (၂၈၇) ခု၊ ကြယ်ပွင့်မပြ မေးခွန်းပေါင်း (၂၅၃) ခုကို ကိုယ်စားလှယ် (၂၂၃) ဦးက မေးမြန်းခဲ့ကြပြီး အဆို ကိုးခုကိုလည်း တင်သွင်းခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ကြယ်ပွင့်ပြ မေးခွန်းပေါင်း (၂၈၇) ခုတွင် ကတိကဝတ်အဖြစ် (၁၅၂) ခု၊ ကတိမဖြစ် (၁၂၀) ရှိခဲ့ပါကြောင်း၊ ကြယ်ပွင့် မပြမေးခွန်းပေါင်း (၂၅၃) ခုတွင် ကတိကဝတ်အဖြစ် (၁၅၁) ခု၊ ကတိမဖြစ် (၇၄) ခု ရှိခဲ့ပါကြောင်း၊ ဆွေးနွေးပြီးခဲ့သည့် အဆို (၇) ခုတွင် အတည်ပြု (၁) ခုနှင့် မှတ်တမ်းတင် စောင့်ကြည့် (၆) ခုတို့ ဖြစ်ကြောင်း သိရသည်။

ယခုကာလအတွင်း ကျောင်းသား ကျောင်းသူများ၊ နိုင်ငံရေးပါတီဝင်များ၊ ဝန်ထမ်းများ၊ အလွှာစုံက လူပုဂ္ဂိုလ်များအပါအဝင် လာရောက်လေ့လာသူပေါင်း (၁၂၆၅) ဦးရှိခဲ့ပြီး ပထမအကြိမ် ပုံမှန်အစည်းအဝေး ကာလမှ ယနေ့အထိ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အနုပညာရှင်များအပါအဝင် လေ့လာသူ (၃၀၀၀) ကျော်ရှိခဲ့ကြောင်းလည်း သိရသည်။
ထို့အတူ ပြည်သူကို အကူအညီပေးသည့်ကဏ္ဍအနေဖြင့် လွှတ်တော်၏ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက တိုင်ကြားစာပေါင်း (၅၆၀) အနက် (၄၉၉) စောင်ကို ဖြေရှင်းပေးခဲ့ပြီး (၆၁) စောင်ကို သက်ဆိုင်ရာ ဌာနများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊၊ အလားတူ သက်ဆိုင်ရာကော်မတီများကို အကူအညီတောင်းသည့် စာ (၁၃၈) စောင် ရောက်ရှိခဲ့ပြီး ဖြေရှင်းဆောင်ရွက်ခြင်း၊ လွှဲပြောင်းပေးခြင်းများကိုလည်း စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် Online မှတစ်ဆင့် တိုင်ကြားစာ ပေးပို့နိုင်သည့် Online Petition System ကိုလည်း စတင်ဆောင်ရွက်ရန် စီမံနေပြီဖြစ်ကြောင်း သိရသည်။

လွှတ်တော်၏ နိုင်ငံတကာဆက်ဆံရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်ခဲ့ရာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ (၁၄) ဖွဲ့ကို နိုင်ငံ (၁၄) နိုင်ငံမှ လွှတ်တော်များနှင့် Parliamentary Friendship Group များ ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံလွှတ်တော်အနေဖြင့် အလားတူအဖွဲ့မျိုး ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အကြောင်းပြန်ကြားလာပါကြောင်းလည်း ဦးခင်ရီက ပြောသည်။
ပြည်သူ့လွှတ်တော် မဟာဗျူဟာစီမံကိန်း (၂၀၂၇ - ၂၀၃၁) ကို ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းတွင် မဟာဗျူဟာ (၆) ရပ် ချမှတ်ထားပြီး နည်းဗျူဟာ ၂၈ ခုနှင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီမံထားရှိကြောင်းလည်း ပြောကြားခဲ့သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ယနေ့အထိ ကြယ်ပွင့်ပြ၊ ကြယ်ပွင့် မပြ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း စသည်များကို လုံးဝမေးမြန်းဆောင်ရွက်ခြင်း မရှိသည့် ရွေးကောက်ခံကိုယ်စားလှယ် (၂၂) ဦး ကျန်ရှိနေသေးကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ မိမိတာဝန်နှင့် အခွင့်အရေးကို အမိအရ အသုံးချစေလိုကြောင်း ဦးခင်ရီက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News