TP News

ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုင်းရင်းသားများရဲ့ နိုင်ငံရေးလိုလားချက်နဲ့ ဒေသဖက်ဒရယ်

လွှတ်တော်လမ်းကြောင်းနှင့် ခြေ/ဥပြင်ဆင်ရေး

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ရေရှည်ဖြေရှင်းနိုင်ရေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး လိုလားချက်၊ အာဏာခွဲဝေရေးနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့သည် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ခွဲခြား၍မရသည့် အကြောင်းအရာများပင် ဖြစ်သည်။

နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်၊ ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ပါ အချက်များကို လေ့လာသုံးသပ်ပြီး ဥပဒေမူကြမ်းရေးဆွဲနိုင်ရန် ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအဆိုကို အတည်ပြုခဲ့သည်။ ယင်းအဆိုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဇင်မင်းထက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ လွှတ်တော်က ကော်မတီဖွဲ့စည်းရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချက်ချင်းပြင်ဆင်ရန် မဟုတ်ဘဲ ပြင်ဆင်သင့်သည့်အချက်များ၊ ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ ရရှိထားသည့် သဘောတူညီချက်များနှင့် နိုင်ငံရေးအစု အဖွဲ့ များ၏ ညှိနှိုင်းရလဒ်များကို စနစ်တကျလေ့လာကာ ဥပဒေမူကြမ်းရေးဆွဲနိုင်မည့် လမ်းကြောင်းတစ်ရပ် ဖော်ဆောင်လာခြင်း ဖြစ်သည်ဟု နားလည်မိသည်။ ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် စတင်အကောင်အထည်ဖော်ရန် ကြိုးပမ်းမှု တစ်ခုဟု ရှုမြင်မိသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြင်ဆင်ရေးသည် လွှတ်တော်အတွင်း ဆုံးဖြတ်ချက် တစ်ခုချမှတ်ရုံဖြင့် ပြီးမြောက်နိုင်သည့် လုပ်ငန်းစဉ်မဟုတ်သလို ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်၏ ထောက်ခံမှုနှင့် ပါဝင်မှုသည် အရေးပါနေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုများ၏ သဘောထားများကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်သည်ဟု သုံးသပ်ကြသည်။ လက်ရှိဖွဲ့စည်းပုံကို လုံး၀ပယ်ချခြင်းထက် ပြင်ဆင်နိုင်မည့် အချက်များကို အဆင့်ဆင့်ညှိနှိုင်း ဆွေးနွေးသွားခြင်းက လက်တွေ့ကျသည့် နိုင်ငံရေးလမ်း ကြောင်းဖြစ် ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ထားသည်။

"တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်က မထောက်ခံဘဲနဲ့ ပြင်လို့ မရဘူး။ အဲဒီတော့ ဘယ်အချက်တွေကို ထောက်ခံမှုရ အောင် ပထမငါးနှစ်သက်တမ်းမှာ ဘယ်လောက် ကြိုးစားမယ်၊ ဒုတိယ ငါးနှစ်သက်တမ်းမှာ ဘယ်လောက်ကြိုးစားမယ်ဆိုတာမျိုး အဆင့်ဆင့် ဖြစ်ပေါ် တိုးတက်မှုပုံစံနဲ့ သွားရင်အမှန်က ပြောရရင် ဒီကာလမှာတောင်မှ အတော်အတန်တိုးတက်မှုတွေ ရနေပြီလို့ မြင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံဘူး ဆိုရင်တော့ ဆွေးနွေးနိုင်မယ့် ပလက်ဖောင်း ပျောက်သွားမယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့နေရာမှာ နည်းနည်းပြင်ချင်တဲ့သူနဲ့ များများပြင်ချင်တဲ့ သူတွေကြားမှာ ကိုယ်ပြင်ချင်တဲ့ဟာတွေကို ဘယ်လောက်ပမာဏ ပြင်မလဲ၊ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း ဆွေးနွေးလို့ရတယ်"ဟု ၎င်းကပြောသည်။

တစ်ဖက်တွင် NSPNC နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအကြား ဆွေးနွေး ညှိနှိုင်းမှုများမှ သဘောတူညီချက်အချို့ ရရှိထားသော်လည်း အရေးကြီးသည့် အချက်အချို့မှာ ဆက်လက်ဆွေးနွေးရန် လိုအပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ထောက်ပြထားသည်။ " NSPNC နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးတာ၊ NSPNC နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးတာကလည်း တချို့အချက်တွေတော့ ရတာရှိတယ်။ ဒါပေမဲ့ တကယ့်ကို အရေးကြီးတဲ့အချက်တချို့တွေတော့ မရနိုင်သေးဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုကျတော့ နည်းလမ်းတစ် ခုခုနဲ့ သေချာကို ရက်ရှည်ယူပြီးတော့ ဆွေးနွေး ဖို့ လိုအပ်ပါတယ်"ဟု ဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံဖြစ်လာစေရန် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအင် အားစုများ ပူးပေါင်းဆွေးနွေးရန်လည်း ၎င်းက အကြံပြုသည်။

"လက်ရှိဖွဲ့စည်းပုံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံဖြစ်အောင် လုပ်မယ်ဆိုတဲ့ စဉ်းစားချက်မျိုးသာ ရှိတယ်ဆိုရင် လွှတ် တော်ပြင်ပနဲ့ လွှတ်တော်တွင်း ပေါင်းစပ်ဆွေးနွေးဖို့လိုတယ်။ ပြီးစီးမှပဲ အားလုံးက လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံ ဖြစ်လာလိမ့်မယ်လို့ မြင်တယ်"ဟု ပြောသည်။

အမှန်တကယ်အားဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၏ အဓိကရည်ရွယ်ချက်သည် ဥပဒေတစ်ရပ်ကို ပြင်ဆင်ခြင်းမျှသာ မဟုတ်ဘဲ နိုင်ငံရေးယုံကြည်မှု တည်ဆောက်ခြင်း၊ အာဏာခွဲဝေရေးဆိုင်ရာ သဘောတူညီမှု ရရှိခြင်းနှင့် တိုင်းရင်းသားများ၏ နိုင်ငံရေးဆန္ဒကို အသိအမှတ်ပြုခြင်းများ ဖြစ်သင့်ကြောင်း မှတ်ချက်ပြုကြသည်။ ယခု လွှတ်တော်လမ်းကြောင်းမှ စတင်လိုက်သည့် ယခု ခြေလှမ်းသည် အားလုံး ပါဝင်နိုင်သည့် ဆွေးနွေးညှိနှိုင်းမှုများနှင့် ပေါင်းစပ်နိုင်မှသာ အဓိပ္ပာယ်ပြည့်ဝလာမည်ဟုလည်း ၎င်းတို့က ယူဆကြသည်။ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အောင်မြင်နိုင်ရေးသည်လည်း ကော်မတီဖွဲ့စည်းနိုင်ခြင်း၊ ဥပဒေ မူကြမ်းရေးဆွဲနိုင်ခြင်းအပြင် သက်ဆိုင်သူ အားလုံး၏ နိုင်ငံရေးလိုလားချက်များ မည်မျှထည့်သွင်း နိုင်မည်၊ သဘောတူညီချက်များကို လက်တွေ့မည်မျှ အကောင်အထည်ဖော်နိုင်မည်ဆိုသည့်အချက်များက အရေးကြီးသည့် အချက်များဖြစ်သည်။ အားလုံးပါဝင် သဘောတူညီမှုနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်မှသာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် တည်ဆောက် နိုင်မည်ဟု ယူဆမိသည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် ယုံကြည်မှုနှင့် အာမခံချက်

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက်ဒရယ်စနစ်ဟူသော စကားလုံး ထည့်သွင်းပြဋ္ဌာန်းရုံဖြင့် မပြည့်စုံသေးကြောင်း၊ နိုင်ငံရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ သယံဇာတနှင့် ဘဏ္ဍာငွေများကို မည်သို့ခွဲေ၀ မည်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို မည်မျှအထိ အာမခံပေးမည်ဆိုသည့် လက်တွေ့ကျသော အုပ်ချုပ်ရေးစနစ်တစ် ရပ်တည် ဆောက်နိုင်ရန်လည်း လိုအပ်ကြောင်း သုံးသပ်ကြသည်။ လက်ရှိတွင် NSPNC နှင့် နိုင်ငံရေး ပါတီများအကြား ဖွဲ့စည်းပုံပြင်ဆင် ရေးဆိုင်ရာ အချက် ၄၃ ချက်ကို ဆွေးနွေးထားပြီး ပြင်ဆင်ရန် သဘောတူထားသည့် အချက် ၄၀ ရှိသကဲ့သို့ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိသည့် အချက်များလည်း ရှိနေသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ(EAOs)နှင့် ရရှိထားသည့် ပြည်ထောင်စု သဘောတူညီချက်များကိုလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ချိတ်ဆက် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေ ဖြစ်သည့်အတွက် ယင်းကို ပြင်ဆင်နိုင်ခြင်းသည် အခြားဥပဒေများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက်ပါ လမ်းဖွင့်ပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။ "ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တစ်နိုင်ငံလုံးမှာ အမြင့်ဆုံးဥပဒေပဲ။ ဒါကို ပြင်လိုက်နိုင်ပြီဆိုရင် သူကနေပြီးတော့ ထပ်ဆင့်ပြဋ္ဌာန်းရမယ့် ဥပဒေတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ ထပ်ပြီးတော့ ထွက်လာမယ်။ ဒါကြောင့် အခုအချိန်မှာ အမြင့်ဆုံးဥပဒေဖြစ်တဲ့ အခြေခံဥပဒေကို ပြင်ဆင်ခြင်းဟာ နောက်ထပ် ပြုပြင်မှုတွေအတွက် လမ်းပွင့်သွားမယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ဥပဒေပြင်ဆင်မှုတစ်ခုတည်းထက် အရေးကြီးသည့်အချက်မှာ အပြန်အလှန်ယုံကြည်မှုနှင့် သဘောတူညီချက်များအပေါ် ခိုင်မာသည့် အာမခံချက်ရှိရန် ဖြစ်သည်"ဟု ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။ ယခင်က သဘောတူညီထားသည့် အချက်များကို လက်တွေ့အကောင်အထည် မဖော်နိုင်မည်ကို တိုင်းရင်းသားများဘက်က စိုးရိမ်ခဲ့သည့် သာဓကများ ရှိခဲ့ဖူးကြောင်း ထောက်ပြထားသည်။

"ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်ဖို့က နံပါတ်(၁)အချက်ကတော့ ယုံကြည်မှုလိုပါတယ်။ ပေးပါမယ်လို့ဆိုပြီးတော့မှ သဘော တူညီပြီးတော့မှ နောက်ပိုင်းမှာ မပေးတော့တာဖြစ်မှာကို တိုင်းရင်းသားတွေဘက်က စိုးရိမ်တာမျိုးတွေ ရှိခဲ့တယ်။ အဲဒါက ယုံကြည်မှု။ နံပါတ်(၂)ကတော့ ဖွဲ့စည်းပုံ ခိုင်မာ ဖို့လိုပါတယ်။ နောက်ပြီးတော့ ဟန်ပြ၊ အဖြစ်သဘောမျိုးမဟုတ်ဘဲ တိုင်းရင်းသားခေါင်း ဆောင်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ သေချာကို ဆွေးနွေးဖို့လိုတယ်"ဟု ၎င်းက အကြံပြုပြောကြားခဲ့သည်။

ထို့အပြင် ဖက်ဒရယ်စနစ် အမှန်တကယ်ဖြစ် ပေါ်လာရန် အဓိကကျသည့် အာဏာခွဲဝေမှု (Power Sharing)၊ သယံဇာတခွဲဝေမှု (Resource Sharing)နှင့် အခွန်ဘဏ္ဍာငွေ ခွဲဝေမှု (Tax Sharing)တို့ကိုလည်း ရှင်းလင်းတိကျသည့် မူဝါဒများဖြင့် သတ်မှတ်ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးရန်နိုင်ဝင်းက မှတ်ချက်ပြုသည်။ အထူးသဖြင့် သယံဇာတကြွယ်ဝသည့် ပြည်နယ်များနှင့် သယံဇာတနည်းပါးသည့် ပြည်နယ်များအကြား ဖွံ့ဖြိုးတိုးတက်မှု မကွာဟစေရန် ဘဏ္ဍာငွေခွဲဝေမှုစနစ်ကို မျှတစွာတည် ဆောက်နိုင်ရေးသည် အရေးကြီးသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ ဖက်ဒရယ်စနစ်တည် ဆောက်ရေးတွင် ခွဲဝေမှုဆိုင်ရာ အချိုးအစားများကို သက်ဆိုင်သူများအကြား ညှိနှိုင်းသဘောတူရန် လိုအပ်ကြောင်း ၎င်းက ရှင်းပြထားသည်။ "ဖက်ဒရယ် ဆိုတဲ့အခါမှာ အမျိုးမျိုးရှိတယ်။ အဲဒီအခါမှာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူတွေ အများကြီး လုပ်ရဦးမှာ။ Power Sharing? Resource Sharing? Tax Sharing တွေ အများကြီး လုပ်ရမှာလေ။ အဲဒါတွေ လုပ်ပြီးမှ Federal State ဆိုတာဖြစ်တာ။ ဒီလို ခွဲဝေမှုတွေနဲ့ပတ်သက်လို့ ဥပမာ ချင်းပြည်နယ်ဆိုရင် သူ့မှာ သယံဇာတ သိပ်မထွက်တဲ့ အခါကျတော့ တိုးတက်မှုနှောင့်နှေးသွားတာပေါ့။ သယံဇာတထွက်တဲ့ ကချင်ပြည်နယ်နဲ့ ရခိုင် တို့လိုမျိုး၊ နောက်အခွန်အခ အများဆုံးရတဲ့ ရန်ကုန်တိုင်းတို့၊ မန္တလေးတိုင်းတို့လိုမျိုးတွေဆိုရင် သူ့တိုင်းနဲ့ပြည် နယ်အလိုက်ခွဲဝေမှုကို စဉ်းစားရမယ်။ အချိုးဘယ်လိုချ မလဲ၊ ၅၀၊ ၅၀ ချမှာလား၊ နိုင်ငံ တော် ၇၀၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၃၀ ချမှာလား။ အဲဒါတွေက ညှိနှိုင်းရဦးမယ်"ဟု ဦးရန်နိုင်ဝင်းက ရှင်းပြခဲ့သည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ အာဏာနှင့် အရင်းအမြစ်များကို မျှတစွာ ခွဲဝေခြင်းတို့အပြင် သဘောတူညီချက်များကို အမှန်တကယ် အကောင်အထည်ဖော်နိုင်သည့် နိုင်ငံရေးဆန္ဒနှင့် ယုံကြည်မှုတို့အပေါ်တွင် မူတည်နေသည်ဟု လေ့လာသုံးသပ်ကြသည်။ အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ခိုင်မာသော ဥပဒေအာ မခံချက်များ ဖော်ဆောင်နိုင်မှသာ တိုင်းရင်းသားများ၏ ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး မျှတသော ပြည်ထောင်စုတစ်ရပ်ဆီသို့ ဦးတည်နိုင်မည်ဟုလည်း ၎င်းတို့က ယုံကြည်နေကြသည်။ NSPNC နှင့် မိုင်းလား NDAA ၊ 'ဝ'အဖွဲ့တို့ တွေ့ဆုံမှု

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ပေါ်ပေါက်လာခြင်းသည် နိုင်ငံရေးအရ အရေးပါသည့် အခြေအနေတစ်ရပ် ဖြစ်သည်။ အထူးသဖြင့် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)တို့ မိုင်းလားမြို့တွင်လည်းကောင်း၊ 'ဝ' ပြည် သွေးစည်းညီညွတ်ရေး ပါတီ(UWSP)နှင့် ပန်ဆန်းမြို့တွင်လည်းကောင်း တွေ့ဆုံခဲ့ခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည် အားကောင်းလာနိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်နိုင်သည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက ဆွေးနွေးမှုများသည် တစ်ကြိမ်တည်းဖြင့် ပြီးဆုံးနိုင်သည့် လုပ်ငန်း စဉ်မဟုတ်ဘဲ အဆက်မပြတ် ဆွေးနွေးနိုင်ခြင်းက တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း သုံးသပ်ထားသည်။ "ဆွေးနွေးမှု ဆိုတာက Process ပဲ။ တစ်ချီတည်းနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ပြတ်သွားမှာ မဟုတ်ဘူး။ သို့သော် ဘာပဲပြောပြော တွေ့ဆုံဆွေးနွေးမှုတွေ စဉ်ဆက်မပြတ် ရှိနေတယ်ဆိုတာကိုက တိုးတက်တဲ့ လက္ခဏာလို့ မြင်ပါတယ်"ဟု ၎င်းက ပြောသည်။

သို့သော် တွေ့ဆုံဆွေးနွေးမှုများ ရှိလာခြင်းနှင့် လက်တွေ့နိုင်ငံရေးသဘောတူညီချက်များ ရရှိခြင်းတို့သည် မတူညီပေ။ အထူးသဖြင့် မိုင်းလား NDAA နှင့် ဆွေးနွေးရာတွင် NSPNC ဘက်က မိုင်းလား အထူးဒေသ (၄)၏ နိုင်ငံရေးလိုလားချက်များကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။ ယင်းအပေါ် NDAA ဘက်က မည်သည့်အတိုင်းအတာအထိ လက်ခံသဘောတူထားသည်၊ ၎င်းတို့၏ နိုင်ငံရေးလိုလားချက်များအတွက် မည်သည့် အချက်များကို ညှိနှိုင်းပေးထားသည်ဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည့် အချက်ဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။ "၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်က သွားတယ်ဆိုလို့ရှိရင် အဲဒါကို NDAA က လက်ခံတာလား။ လက်ခံလို့ သဘောတူညီချက်တွေရတာလား။ သူတို့ရဲ့ နိုင်ငံရေးလိုလားချက်ကို အစိုးရဘက်က လိုက်လျောမှုက ဒီအကြောင်းအရာတစ်ချက်တည်းပဲလား ဆိုတာမျိုးကိုတော့ စောင့်ကြည့်ရမယ်"ဟူ၍ ဒေါ်စောမြရာဇာလင်းက သုံးသပ်သည်။ အလားတူ UWSP က လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းမှ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သို့သော် ပြည်ထောင်စုအတွင်း မည်သည့်အုပ်ချုပ်ရေးပုံစံဖြင့် ပါဝင်မည်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို မည်သို့ သတ်မှတ်မည်ဆိုသည့် အရေးကြီးသော နိုင်ငံရေးကိစ္စများမှာ ဆက်လက် ညှိနှိုင်းရမည့်အကြောင်းအရာများဖြစ်ကြောင်း ဆက်ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် ပထဝီအနေအထားမတူ၊ နောက်ခံသမိုင်း၊ နိုင်ငံရေးရပ်တည်ချက်နှင့် ဒေသဆိုင်ရာ လိုလားချက်များ မတူညီကြပေ။ ထို့ကြောင့် အဖွဲ့အစည်း တစ်ခုနှင့် သဘောတူညီမှုရရှိခြင်းကို အခြားအဖွဲ့အစည်းများအတွက်ပါ အလားတူ အသုံးချနိုင်မည်ဟု မယူဆသင့်ကြောင်းလည်း ထောက်ပြကြသည်။ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိရန် အချိန်ယူ ဆွေးနွေးပြီး အဖွဲ့အစည်းတစ်ခုချင်းစီ၏ နိုင်ငံရေး လိုလားချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဒေါ်စောမြရာဇာလင်းက ထောက်ပြ ထားသည်။

"တိုင်းနဲ့ပြည်နယ်အလိုက်ကို အားလုံးတစ်ပြိုင်တည်း ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ကြစို့အထိဆိုတဲ့ အနေအထားမျိုးအထိ ရသွားမှာလား။ အဲဒါတွေက ပြောရမှာတွေ အများကြီးရှိသေးတယ်။ ဥပမာ ဒေသတစ်ခုက ဆွေးနွေးသွားပြီးပြီဆိုရင် ဒေသတစ်ခုကို ဖြတ်မှာလား။ အဲဒီလိုမျိုးမဟုတ်ဘဲ တစ်နိုင်ငံလုံး နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်မျိုးကို သွားမှာလားဆိုတာ အစိုးရဘက်က ပြတ်ပြတ်သားသား စဉ်းစားထားပြီလား ဆိုတာလည်း မေးခွန်းတစ်ခုရှိတယ်။ ဒါပေမဲ့ ပုံစံကတော့ တူမနေဘူး။ မြန်မာနိုင်ငံမှာ အခုဆွေးနွေးနေ ကြတဲ့၊ ဆွေးနွေးနေတဲ့အဖွဲ့တွေမှာ ပုံစံမတူတာတွေ အများကြီးရှိတယ်။ EAO ခုနစ်ဖွဲ့ကဆိုရင် ပြည်နယ်ကို အခြေခံပြီးတော့မှ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးကို စဉ်းစားနေကြတာရှိတယ်။ မြောက်ပိုင်းက TNLA တို့၊ MNDAA တို့ဆိုရင် သူတို့က တရုတ်နဲ့ နီးစပ်ပြီးတော့ တရုတ်နယ်စပ်ကို အခြေခံပြီးတော့မှ ကိုယ်ပိုင် အုပ်ချုပ်ရေးပုံစံမျိုး၊ အဲဒီလို ပုံစံမျိုးတွေရှိတော့ ဘယ်လိုပုံစံမျိုးတွေက သူတို့ဒေသကို ဖွံ့ဖြိုးလာမှာလဲ။ အခုက NDAA နဲ့ NSPNC ဆွေးနွေးမှု အရဆိုရင် အထူးဒေသအတွက်ကိုပဲ တောင်းတာလား။ ဒါမှမဟုတ် နယ်မြေတစ်ခုလုံးအတွက်ကို တောင်းတာလားဆိုတဲ့ အနေအထားတွေက သိမနေဘူးလေ။ ဒါကြောင့် မြောက်ပိုင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်ဖို့ဆိုတာက ဒီထက်ပိုပြီး လေး လေးနက်နက် လေ့လာဖို့ လိုတယ်လို့ မြင်ပါတယ်"ဟု ၎င်းက မှတ်ချက်ပြုသည်။

NSPNC နှင့် NDAA? UWSP တို့၏ တွေ့ဆုံ မှုများသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင် နိုင်ရေးအတွက် အခွင့်အလမ်းတစ်ခုအဖြစ်ရှုမြင်ကြသည်များရှိသလို ဆွေးနွေးမှုများကို ဆက်လက်ထိန်း သိမ်းနိုင်ခြင်း၊ တစ်ဖက်နှင့်တစ်ဖက်၏ နိုင်ငံရေးလိုလားချက်များကို နားလည် ညှိနှိုင်းနိုင်ခြင်းနှင့် ရရှိလာသည့် သဘောတူညီချက်များကို လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်းအချက်များ ပြည့်စုံလာပြီဆို လျှင် ပြန်လည်စတင်သည့် ဆွေးနွေးမှုများ ပိုမို ကျယ်ပြန့်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဓိပ္ပာယ်ရှိသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်မည်ဟု သုံးသပ်ကြသည်များလည်း ရှိနေသည်။ ဒေသကိုအခြေခံသည့် ဖက်ဒရယ်နှင့် တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ထက် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဦးတည်သင့်ကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြားထားသည်။ ဒေသအခြေပြုဖက် ဒရယ်စနစ်၏ အားသာချက်မှာ နယ်မြေတစ်ခုအတွင်း အတူတကွ နေထိုင်ကြသည့် လူမျိုးပေါင်းစုံ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထည့်သွင်း စဉ်းစားနိုင်ခြင်း ဖြစ်သည်။ ယင်းစနစ်သည် လူမျိုးတစ်မျိုးတည်းကိုသာ အခြေခံခြင်းမဟုတ်ဘဲ ဒေသအတွင်း နေထိုင်သူအားလုံး၏ အခွင့်အရေးကို အလေးထားသည့် အုပ်ချုပ်ရေးပုံစံ တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ထားသည်။

"ဒီနေရာမှာလည်း သမ္မတကြီးပြောသွားတဲ့ဒေသကို အခြေပြုတဲ့ ဖက်ဒရယ်ဆိုတာ အဲဒါအမှန်ဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ ကရင်ပြည်နယ်မှာ ကရင်ပဲနေ၊ ကျန်တဲ့သူတွေ အကုန်ထွက်လို့ လုပ်လို့မှ မရတာ။ ကချင်မှာ ကချင်ပဲနေ၊ ကျန်တဲ့သူတွေ အကုန်ထွက်လို့ လုပ်လို့မှမရတာ။ နောက်ဆုံးပြောရရင် ရန်ကုန်ဆိုတာကိုက ပြည်ထောင်စုလေး ဖြစ်နေတာပဲ။ လူမျိုးပေါင်းစုံလာနေတာပဲ"ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် အငြင်းပွားနေခြင်းထက် ပြည်သူများ လက်တွေ့ခံစားနိုင်သည့် အုပ်ချုပ်ရေးစနစ်တစ်ခု ဖြစ်ပေါ်လာရေးကို ဦးစားပေး သင့်သည်ဟုဆိုသည်။ "တကယ့်တကယ်ကျတော့ မြေပြင်မှာ ဒုံရင်းက ဒုံရင်းပဲ။ ဒါကြောင့် ကျွန်တော် ကတော့ စကားလုံးတွေကို အငြင်းပွားတာမျိုးတွေ မလုပ်ချင်ဘူး။ လက်တွေ့ခံစား ရတဲ့ ဒီမိုကရေစီ၊ လက်တွေ့ခံစားရတဲ့ ဖက်ဒရယ်ကိုပဲ ဦးတည်သွားစေချင်ပါတယ်"ဟု ၎င်းက ဆက်ပြောသည်။

ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို လိုလားသော်လည်း ဒေသန္တရအဆင့်နှင့် ပြည်နယ်အဆင့်တို့တွင် အာဏာကို မည်သို့ ခွဲဝေကျင့်သုံးမည်ဆိုသည့် အချက်များမှာ ဆက်လက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စများဖြစ်သည်။ အထူးသဖြင့် ပြည်နယ်နှင့် ဒေသအားလုံးကို အာဏာတူညီစွာ ခွဲဝေပေးမည့်အစား ဒေသတစ်ခုချင်းစီ၏ သမိုင်းကြောင်း၊ လူဦးရေ၊ ပထဝီအနေအထားနှင့် နိုင်ငံရေးလို အပ်ချက်များအပေါ် မူတည်၍ အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို မည်သို့ သတ်မှတ်ကျင့်သုံး မည်ဆိုသည့် အချက်များမှာ ဆက်လက် ညှိနှိုင်းရမည့်ကိစ္စဟုမြင်ကြောင်း ဒေါ်စော မြရာဇာလင်းက ထောက်ပြထားသည်။

"အခုကတော့ ဒေသန္တရအဆင့်သွားဖို့လား၊ ပြည်နယ်အဆင့် သွားဖို့လား ဆိုတာမျိုးက ဘယ်လို ဖြစ်လာမှာလဲ။ ဖက်ဒရယ်က အချိုးမညီတဲ့ ဖက်ဒရယ်မျိုးဖြစ် လာမှာလားဆိုတာကလည်း ဆွေးနွေးပွဲရဲ့ အခြေအနေ အပေါ်မှာပဲ မူတည်ပြီးတော့မှ ရလာလိမ့်မယ်လို့ မြင်တယ်"ဟု ၎င်းက ဆိုသည်။

အလားတူ 'ဝ'နှင့် မိုင်းလားဒေသတို့ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဒေသတည်ငြိမ်ရေးကို အခြေခံသည့် ပုံစံများကို အခြားတိုင်းရင်းသား ဒေသများတွင်လည်း လေ့လာအသုံးချနိုင်သင့်သည်ဆိုသော အကြံပြု ချက်တချို့ရှိနေသလို ပဋိပက္ခနည်းပါးသည့် ဒေသတစ်ခုတွင် Pilot Project အဖြစ် ဖက်ဒရယ်အုပ်ချုပ်ရေးပုံစံ ကောင်းတစ်ခုကို စမ်းသပ်တည်ဆောက်ပြီး အောင်မြင်ပါက အခြားဒေသများအတွက် နမူနာအဖြစ် အသုံးချနိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာသူတစ်ဦးက အကြံပြုထားသည်။

"နယ်ပယ်တစ်ခုပေါ့၊ တိုင်းရင်းသားဒေသတစ်ခုပေါ့။ အဲဒါကို Pilot Project သဘောမျိုး မော်ဒယ်လ် ကောင်းကောင်းတစ်ခု တည်ဆောက်ပြနိုင်မယ်ဆိုရင် တဖြည်းဖြည်း ဒါကို တိုးချဲ့လာနိုင်မယ်လို့ မြင်တယ်။ အပစ်အခတ်ပဋိပက္ခ နည်းတဲ့၊ မရှိတဲ့ ဒေသတစ်ခုကို မော်ဒယ်လ်ကောင်းတစ်ခု တည်ဆောက်ပြ နိုင်မယ်ဆိုရင် ဒါလည်း ကျန်တဲ့ ဒေသတွေအတွက် နမူနာကောင်း၊ အ လားအလာကောင်းတစ်ခု ဖြစ်လာ နိုင်တယ်လို့ မြင်တယ်"ဟု ၎င်းက ဆိုသည်။

သို့ရာတွင် ဒေသတစ်ခုတွင် အောင်မြင်သည့် အုပ်ချုပ်ရေးပုံစံတစ်ခုကို အခြားဒေသများနှင့် တစ် နိုင်ငံလုံးတွင်ပါ တစ်ပုံစံတည်း အသုံးချနိုင်မည်ဟု တထစ်ချ မယူဆသင့်ပေ။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးရည်မှန်းချက်၊ သမိုင်းကြောင်းနှင့် ဒေသဆိုင်ရာ လိုအပ်ချက်များ မတူညီ ကြသည့်အတွက် ယင်းအခြေအနေများကိုလည်း အလေးထားထည့်သွင်း စဉ်းစားရန် လိုအပ်မည် ဖြစ် သည်။ ထို့ကြောင့် ဒေသတစ်ခုချင်းစီ၏ အခြေအနေနှင့် ကိုက်ညီသည့် အုပ်ချုပ်ရေးပုံစံများကို ဖော်ဆောင်နိုင်ရေးမှာ သက်ဆိုင်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ညှိနှိုင်းရမည့်ကိစ္စ ဖြစ်သည်။

အချုပ်အားဖြင့် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်သည် လူမျိုးပေါင်းစုံ အတူတကွနေထိုင်သည့် မြန်မာနိုင်ငံအတွက် လက်တွေ့ကျသော အုပ်ချုပ်ရေးပုံ စံတစ်ခု ဖြစ်လာနိုင်သော်လည်း တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အလေးထား အာမခံပေးရန် လိုအပ်မည်ဖြစ်သည်။ သက်ဆိုင်သူအားလုံး၏ နိုင်ငံရေး လိုလားချက်များကို အပြန်အလှန် လေးစားညှိနှိုင်း ပေါင်းစပ်နိုင်မှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးသည် ရေရှည်တည်တံ့ပြီး အဓိပ္ပာယ်ပြည့်၀သော ရလဒ်တစ်ခု ဖြစ်လာနိုင်မည်ဖြစ်သည်။

လင်းလင်းအောင် (TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

မူရင်းသတင်း — TP News