
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပေါ် လူထုထောက်ခံမှုနှုန်းသည် ၎င်း၏ သမ္မတသက်တမ်းအတွင်း အနိမ့်ဆုံးအဆင့်နီးပါး တွင် ဆက်လက်တည်ရှိနေကြောင်း နိုဝင်ဘာ ၁၆ ရက်က အပြီးသတ်ကောက်ယူခဲ့သည့် reuters/ipsos စစ်တမ်းတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် အမေရိကန် အထက်လွှတ်တော်ရှိ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်သည်လည်း ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်မှုဆိုင်ရာ စိန်ခေါ်မှုမတိုင်မီ ၎င်း၏ ပါတီအတွင်း၌ လူကြိုက်များမှု ကျဆင်း လာသည့် လက္ခဏာများ ပြသနေကြောင်း သိရသည်။
လေးရက်ကြာ ကောက်ယူခဲ့သည့် အဆိုပါစစ်တမ်းအရ အိမ်ဖြူတော်ရှိ ထရန့်၏ စွမ်းဆောင်ရည်အပေါ် အမေရိကန်ပြည်သူ ၃၂ ရာခိုင်နှုန်းကသာ ထောက်ခံကြောင်း ပြသ နေပြီး၊ ယင်းနှုန်းထားသည် ထရန့်၏ သက် တမ်းတစ်လျှောက် အနိမ့်ဆုံးဖြစ်ခဲ့သည့် ၃၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သော အောက်တိုဘာ လလယ်ပိုင်းမှစပြီး reuters/ipsos စစ်တမ်း လေးကြိမ်ဆက်တိုက်တွင် တည်ငြိမ်စွာ ဆက် ရှိနေခြင်း ဖြစ်သည်။
အီရန်နှင့် ဖြစ်ပွားနေသည့် အမေရိကန် ၏ စစ်ပွဲကြောင့် လောင်စာဆီစျေးနှုန်းများ သိသိသာသာ မြင့်တက်လာပြီး အမေရိကန် ပြည်သူများ၏ တစ်ဦးချင်း ငွေကြေးသုံးစွဲမှု အပေါ် ထိခိုက်လာသဖြင့် ယခုနှစ်အတွင်း ထရန့်အပေါ် လူကြိုက်များမှု ကျဆင်းလာ ခဲ့ခြင်းဖြစ်ကာ၊ အဆိုပါ စီးပွားရေးမီးတောက် မီးလျှံကြောင့် နိုဝင်ဘာလ ၃ ရက်နေ့ ကြား ဖြတ်ရွေးကောက်ပွဲများတွင် ထရန့်၏ ရီပတ် ဘလစ်ကန်ပါတီသည် လွှတ်တော်ထိန်းချုပ် ခွင့်ကို ဆုံးရှုံးခဲ့ရသည်။ အီရန်နှင့် ဖြစ်ပွားနေ သည့် စစ်ပွဲကို အမေရိကန်ပြည်သူ ၃၁ ရာ ခိုင်နှုန်းကသာ ထောက်ခံကြောင်း စစ်တမ်းက တွေ့ရှိခဲ့သည်။
လွှတ်တော်အတွင်းရှိ ပါတီခေါင်းဆောင် ပိုင်းနှင့် ပတ်သက်၍ ဒီမိုကရက်တစ်ပါတီဝင် ဖြေဆိုသူများအကြား သဘောထားကွဲလွဲနေ ကြောင်း အဆိုပါစစ်တမ်းက ပြသနေပြီး၊ အ ထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချက်ခ် ရှူးမား အပေါ် အကောင်းမြင်သူထက် မနှစ်သက်သူ အရေအတွက်က ပိုမိုများပြား နေသည်။ သို့သော် အောက်လွှတ်တော် ဒီမိုကရက် တစ်ခေါင်းဆောင် ဟာကီးမ် ဂျက်ဖရီးစ်ကိုမူ ပါတီအတွင်း၌ မနှစ်သက်သူထက် အကောင်း မြင်ထောက်ခံသူက ပိုမိုများပြားကြောင်း သိရသည်။ စစ်တမ်းတွင်ပါဝင်သည့် မိမိကိုယ်ကိုယ် ဒီမိုကရက်တစ်ပါတီဝင်အဖြစ် ခံယူထားသူ များအနက် ၃၄ ရာခိုင်နှုန်းခန့်က မေရီလန်း ပြည်နယ် ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ် ခရစ် ဗန် ဟိုလန်၏ ပါတီခေါင်းဆောင် မှုပိုင်း စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသူ ရှူးမား အပေါ် အကောင်းမြင်ကြောင်း ပြောကြားခဲ့ သည်။ စစ်တမ်းတွင် ဒီမိုကရက်တစ်ပါတီဝင် ၄၃ ရာခိုင်နှုန်းခန့်က ရှူးမားအပေါ် မနှစ်သက် ကြောင်း ပြောကြားခဲ့ပြီး ၂၂ ရာခိုင်နှုန်းကမူ ၎င်းအကြောင်း တစ်ခါမျှ မကြားဖူးကြောင်း ပြောဆိုခဲ့ကြသည်။
ဖေဖော်ဝါရီလအတွင်းက ကောက်ယူခဲ့ သည့် စစ်တမ်းတွင်မူ ဒီမိုကရက်တစ်ပါတီဝင် ၃၈ ရာခိုင်နှုန်းက ရှူးမားအပေါ် အကောင်း မြင်ခဲ့ပြီး ၃၇ ရာခိုင်နှုန်းက မနှစ်သက်ကြောင်း ဖော်ပြခဲ့သည်။
ref : reuters