
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၇
ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုအပေါ် တောင်သူများစိတ်ဝင်စားမှု မြင့်တက်လာသော်လည်း စီးပွားရေးအရ တွက်ခြေ ကိုက်မှုရှိရန် လိုအပ်နေကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့် က ပြောကြားခဲ့သည်။
ညွှန်ကြားရေးမှူးချုပ်က ယမန်နေ့(နိုဝင်ဘာ ၁၆ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန (ရုံးချုပ်)၊ နဝရတ် ခန်းမ၌ ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် "မြန်မာနိုင်ငံတွင် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် သုတေသန နှင့် ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း” စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့ သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုစီမံကိန်းသည် မြန်မာနိုင်ငံတွင် စားသုံးဆီနှင့် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးနှင့် တောင်သူများ၏ လူမှု စီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပဲပုပ်သည် ဆီထွက်သီးနှံ ဖြစ်သည့်အပြင် စီးပွားရေးနှင့် စားသုံးမှုကဏ္ဍများအတွက် အလွန်အရေးပါသကဲ့သို့ နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးမူဝါဒများနှင့်လည်း ကိုက်ညီမှုရှိကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ သည်။
ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုအပေါ် တောင်သူများ၏ စိတ်ဝင်စားမှုမြင့်တက်လာသော်လည်း စီးပွားရေးအရ တွက်ခြေကိုက်မှုရှိရန် လိုအပ်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
စိုက်ပျိုးချိန်ကာလ မတူညီမှုများကြောင့် မျိုးစေ့များကို ရေရှည်စနစ်တကျ သိုလှောင်ထိန်းသိမ်းနိုင်ရန် ကျေးရွာ မျိုးစေ့ဘဏ် (Village Seed Bank) များ ဆောင်ရွက်လျက်ရှိသည့် ဒေသအလိုက် လိုအပ်ချက်နှင့် စီမံကိန်းရန်ပုံငွေ လျာထားချက်အပေါ်မူတည်၍ အထောက်အကူပြုပစ္စည်းများ ညှိနှိုင်းပံ့ပိုးပေးရန် လိုအပ်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
ရိတ်သိမ်းချိန်အခြောက်ခံစက်ဖြင့် အစိုဓါတ်လျော့ချရန် လိုအပ်သည့် အခြောက်ခံစက်များနှင့်ပတ်သက်၍ စက်မှု လယ်ယာဦးစီးဌာနတွင် လက်ရှိအသုံးပြုနေသည့် စက်ပုံစံများကို အသုံးပြုသူ တောင်သူများ အမှန်တကယ် အသုံးတည့်စေရန်အတွက် လိုအပ်သည့်ပြုပြင်မွမ်းမံမှုများပြုလုပ်ကာ စီမံကိန်းမှ ထောက်ပံ့ပေးနိုင်ရေး ရည်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
ထို့ပြင် ပဲပုပ်ကြိတ်ဖတ်သည် ပရိုတင်းဓာတ် ကြွယ်ဝသော အခြေခံတိရစ္ဆာန်အစာ ဖြစ်သဖြင့် ငါး၊ ပုစွန်၊ ကြက်နှင့် ဝက်မွေးမြူရေးကဏ္ဍများအနက် မည်သည့်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်သည်ကို သက်ဆိုင်ရာဌာနများက ရွေးချယ် တင်ပြစေလိုကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
ပဲပုပ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ အခြောက်ခံနည်းပညာနှင့် တိရစ္ဆာန်အစာ ကဏ္ဍဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဦးစီး ဌာနများနှင့် စီမံကိန်းတာဝန်ရှိသူများအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန်လည်း ညွှန်ကြားရေးမှူး ချုပ်က ဆိုသည်။


