
သံတွဲမြို့ ၊ (၈)ရပ်ကွက်ရှိ အထက ၁ နှင့် GTI ကျောင်းမှာ စခန်းချနေထိုင်တဲ့ AA အကြမ်းဖက်အဖွဲ့တွေကို ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် တပ်မတော်က တိတိကျကျ ဗုံးကြဲရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်း (၂)ကျောင်းသည် သံတွဲမြို့၏ အနောက်မြောက်ဖက်တွင်ရှိပြီး သံတွဲမြစ်၏ဘေးတွင်တည်ဆောက်ထားခြင်းဖြစ်ပြီး အကြမ်းဖက် AA က သံတွဲမြို့ကို သိမ်းပိုက်ပြီးနောက် စာသင်ကျောင်းများ၊ဌာနဆိုင်ရာအဆောက်အဦးများ၊ နိုင်ငံပိုင်အဆောက်အဦးများတွင် လာရောက်နေထိုင်ကာ စခန်းချခြင်း၊ သင်တန်းပေးခြင်း၊ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း စသည်တို့ကို လုပ်ဆောင်ရန် နေရာယူထားကြောင်း သိရသည်။
သံတွဲမြို့ရှိ အထက ၁ နှင့် GTI ကျောင်း အဆောင်အဦးများသည် ခိုင်ခိုင်မာမာတည်ဆောက်ထားခြင်းကြောင့် အကြမ်းဖက်AA သူပုန်အဖွဲ့၏ အဓိကစစ်ရေး ထောက်ပံ့မှု အုပ်ချုပ်ရေး နေရာတခုအဖြစ် ရှိနေကြောင်း သိရသည်။
သံတွဲမြို့သည် ကျောက်တော် - မအီ - တောင်ကုတ် ထောက်ပံ့ရေးလမ်းကြောင်းပေါ်တွင် ရှိသလို ဧရာဝတီတိုင်းမှတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွသို့ချိတ်ဆက်ရာတွင် အဓိကကျသည့်အတွက် သံတွဲမြို့အား တောင်ပိုင်းဌာနချုပ်အဖြစ် AAသူပုန်မှ စီစဉ်ထားကြောင်း ကြားသိထားသည်။
လက်ရှိ အခြေအနေတွင်မူ သံတွဲမြစ်မှ တဆင့် ပင်ဘယ်ဝသို့ထွက်နိုင်ပြီး ကျောက်ဖြူစစ်မျက်နှာ၏ ထောက်ပို့နေရာဖြစ်သော ကျောက်နီမော်သို့ ရေလမ်းကြောင်းမှတဆင့် တိုက်ရိုက် (သို့)သွယ်ဝိုက်ကာ ချိတ်ဆက်နိုင်သည်။
ထို့အပြင် သံတွဲမှ ငပလီကမ်းခြေရှိ အကြမ်းဖက် AA စခန်းများကိုလည်း ထောက်ပံ့အုပ်ချုပ်နိုင်သည့်အတွက် အထက ၁ နှင့် GTI ကျောင်းသည် အကြမ်းဖက် AA သူပုန်အဖွဲ့၏ တောင်ပိုင်းဌာနချုပ်အဖြစ် စခန်းချထားခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်ရှိစာသင်ကျောင်းများ ပိတ်ထားရသည့်အတွက် သံတွဲ အထက ၁ သည်လည်း ၂၀၂၄ ခုနှစ် မတ်လမှ အပြီးတိုင်ပိတ်သိမ်း ထားရကြောင်း သိရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာမှစတင်ကာ အကြမ်းဖက်AAသူပုန်အဖွဲ့က အပိုင်စီးထားခြင်းဖြစ်သည်။
သို့သော် တပ်မတော်၏ ကင်းထောက်မှု ၊ ဒေသခံရခိုင်တိုင်းရင်းသားတို့ ၏ ပူးပေါင်းပါဝင်မှုများကြောင့် တိတိကျကျဖြင့် ဗုံးကြဲ ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက် AA သူပုန်အဖွဲ့၏ လော်ဘီ ရခီးမီဒီယာများက "သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲ" ဟူသော ခေါင်းစဉ်ဖြင့် အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံသတင်းများ ဖြန့်ချိလျက်ရှိသည်။ ရခီး မီဒီယာတစ်ခုဖြစ်သည့် DMG သတင်းတွင် "ရခိုင်ပြည်၊ သံတွဲမြို့ထဲကို အာဏာသိမ်းစစ်တပ်က ယနေ့ နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် သံတွဲမြို့ အမှတ် ၈ ရပ်ကွက် အထက (၁) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်း အနီးနားဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
#News #Myanmar