Myanmar Transparency News

နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးလျာထားချက် ရန်ပုံငွေ ကျပ် ၂၂၉ ဒသမ ၀၄၉ ဘီလျံ ထည့်သွင်းရေးဆွဲထားသည့် “၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း”ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်း

၁၇.၁၁.၂၀၂၆
Written by NYL

နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးလျာထားချက် ရန်ပုံငွေ ကျပ် ၂၂၉ ဒသမ ၀၄၉ ဘီလီယံ ထည့်သွင်းရေးဆွဲထားသည့် ” ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း” ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ နိုဝင်ဘာ ၁၇ ရက်က တင်သွင်းခဲ့သည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က အဆိုပါဥပဒေကြမ်းအား ဖတ်ကြားတင်သွင်းခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါက်တာ မေသန်းနွယ်က “အသုံးစရိတ်များ လျော့နည်းခြင်း၊ တိုးမြှင့်ခြင်းများကို ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး (၁/၂၀၂၆)တွင် အတည်ပြုပြီးဖြစ်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးလျာထားချက်ရန်ပုံငွေ ကျပ် ၂၂၉ ဒသမ ၀၄၉ ဘီလျံ ထည့်သွင်းရေးဆွဲထားသော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ဆွေးနွေးအတည်ပြုပေးနိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းအပ်ပါတယ်” ဟု ဥပဒေကြမ်းကို တိုင်းဒေသကြီးလွှတ်တော်တွင် ဖတ်ကြားခဲ့သည်။

ထို့ပြင် ဩဂုတ် ၂၀ ရက်က ကျင်းပခဲ့သော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးမှ အတည်ပြုခဲ့သောငွေရပ်နှင့် ယခုတင်ပြသော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတွင် ပါဝင်သော ငွေရပ်၏ ကွာခြားချက်မှာ သာမန်အသုံးစရိတ် ကျပ် ၀ ဒသမ ၄၈၇ ဘီလျံ လျော့နည်းခဲ့ပြီး ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၃၁ ဒသမ ၅၂၃ ဘီလျံတိုးမြှင့်ခဲ့ကာ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး (၁/၂၀၂၆)တွင် အတည်ပြုထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ဥပဒေကြမ်းတင်သွင်းရာတွင် ဖတ်ကြားတင်ပြခဲ့သည်။

အဆိုပါ လျော့နည်းခဲ့သည့် သာမန်အသုံးစရိတ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့နယ်/ခရိုင်ကော်မတီအဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲအသုံးစရိတ်အတွက် ၀ ဒသမ ၄၈၇ ဘီလျံကို စိစစ်လျှော့ချခဲ့ခြင်းဖြစ်ပြီး ငွေလုံးငွေရင်းအသုံးစရိတ်တိုးမြင့်လျာထားခြင်းမှာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ မြောက်ဥက္ကလာပမြို့နယ်ရှိ သုဓမ္မာလမ်းကို ကတ္တရာကွန်ကရစ်ခင်းရန်နှင့် ဒဂုံတက္ကသိုလ်ကို ပြုပြင်တည်ဆောက်ရန်အတွက် ကျပ် ၃၁ ဒသအ ၅၂၃ ဘီလျံ တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ဖတ်ကြားတင်ပြခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုခဲ့တဲ့အသုံးစရိတ်များနှင့် ယခုတင်ပြတဲ့အသုံးစရိတ်များတွင် သာမန်အသုံးစရိတ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့နယ်/ခရိုင် ကော်မတီအဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲအသုံးစရိတ်အတွက် ကျပ် ၀ ဒသမ ၄၈၇ ဘီလျံ စိစစ်လျှော့ချခဲ့ပြီး ငွေလုံးငွေရင်းအသုံးစရိတ်တွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ သုဓမ္မာလမ်းအား ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် ဒဂုံတက္ကသိုလ်အတွင်း ကွန်ကရစ်ခင်းခြင်း၊ စင်္ကြန်ပြုလုပ်ခြင်း၊ ယာဉ်ကြောပြမျဉ်းရေးဆွဲခြင်း၊ မြစ်သဲဖို့ခြင်း၊ လူကူးမျဉ်းကြားရေးဆွဲခြင်း၊ အများသုံးသန့်စင်ခန်း တည်ဆောက်ခြင်း၊ အဝီစိတွင်းတူးခြင်း လုပ်ငန်းများဆောင်ရွက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ကျပ် ၃၁ ဒသအ ၅၂၃ ဘီလျံ ထပ်မံတိုးမြှင့်လျာထားခွင့်ပြုခဲ့ကြောင်း သိရပါတယ်” တိုင်းဒေသကြီး ဝန်ကြီးက ဥပဒေကြမ်းကို တင်ပြခဲ့သည်။

အဆိုပါ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအပေါ်တွင် မှီတည်ပြီး ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ဥပဒေကြမ်းတွင် အခန်း(၂)ခန်းနှင့် ဇယား (၃)ခုပါဝင်ပြီး အခန်း(၁)မှာ အမည်နှင့် အကျိုးသက်ရောက်သည့် ကာလဖြစ်ပြီး ပုဒ်မ(၁)ခုသာ ပါဝင်ပြီး ပုဒ်မခွဲ(၂)ခု ပါဝင်ကြောင်း၊ အခန်း(၂)မှာ နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထားပေးခြင်းနှင့် စီမံခန့်ခွဲခြင်းဖြစ်ပြီး ပုဒ်မ(၂)ခုနှင့် ပုဒ်မခွဲ(၄)ခု ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ ဥပဒေကြမ်းတွင်ပါဝင်သည့် နောက်ဆက်တွဲဇယား(၃)မျိုးမှာ ဇယား(၁)တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးများ၏ နောက်ထပ်ခွင့်ပြုသည့် သုံးငွေစာရင်းများ၊ ဇယား(၂) တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဌာနများနှင့် ရန်ကုန်တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများ၏ နောက်ထပ်ခွင့်ပြုသည့် သုံးငွေစာရင်းများ၊ ဇယား(၃)တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့၏ နောက်ထပ်ခွင့်ပြုသည့် သုံးငွေစာရင်းများ ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ထို့နောက် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကော်မတီတို့က လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News