
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်း အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေသွယ်ကြည်က ပြောကြားသည်။
နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တောင်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းကျင်း (ခ) နန်းစိန်၏ အမျိုးသမီးထု၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ဥပဒေ၊ စီမံကိန်းများ ချမှတ်ထားရှိမှုနှင့် (IDP) စခန်းများရှိ အမျိုးသမီးများ၏ လုံခြုံရေးအတွက် အရေးပေါ်စီမံကိန်းများ မည်သို့ချမှတ်ထားသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်းအား ပြန်လည်ဖြေကြားစဉ် အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေသွယ်ကြည်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေသည် တရားဝင် အိမ်ထောင်ရေးတည်ငြိမ်ရေးနှင့် အမျိုးသမီးများ အခြားဇနီးအဖြစ် ထပ်မံထားရှိခံရမှုမှ ကာကွယ်ရေးကို ရည်ရွယ်ခြင်း စသည့် ပြဋ္ဌာန်းချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုများကို တိုင်ကြားနိုင်ရန် Helpline ဖုန်း ၁၅၄၄ ကို ဖွင့်လှစ်ထားရှိပြီး တိုင်ကြားလာမှုများကို ဥပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေးအတွက် Service Provider များနှင့် ဖြေရှင်းအကူအညီပေးနေကြောင်း၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လွိုင်ကော်၊ လားရှိုး၊ မုံရွာနှင့် စစ်တွေမြို့တို့တွင်လည်း တစ်နေရာတည်း ဝန်ဆောင်မှုပေးသည့် စင်တာ (One Stop Women Support Center- OSWSC) ခုနစ်ခုကို ဖွင့်လှစ်ထားရှိပြီး နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် ယာယီစောင့်ရှောက်မှုပေးခြင်း၊ တရားရေးဆိုင်ရာ ချိတ်ဆက်မှုပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးခြင်းများကို ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပြီး OSWSC များကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့ပြင် IDP Camps များရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များနှင့် ထောက်ပံ့ရေးလုပ်ငန်းစဉ်များကို အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (Phase II) ၏ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာ လုပ်ငန်းနယ်ပယ်ပါ လုပ်ငန်းစဉ် ၁၉ ချက်တွင်လည်း ထည့်သွင်းထားရှိပြီး အဖွဲ့ဝင်ဌာနများနှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သင်တန်း၊ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများမှတစ်ဆင့်လည်း ၎င်းတို့၏ စွမ်းရည်မြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။