Myanmar National Post

အကြမ်းဖက်အားပေးလုပ်နေတဲ့ ဂူတာရက်စ်


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က မြန်မာ့လူသားချင်းစာနာမှုအကျပ်အတည်း “သည်းမခံနိုင်လောက်အောင် ဆိုးရွားနေပြီ” လို့ ပြောဆိုကြောင်း The Straits Times က ဖော်ပြချက်ကို ကိုးကားပြီး ပြည်ဖျက်မီဒီယာများမှာ ရေးသားဖော်ပြနေကြတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ပိုဆိုးလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ “သည်းမခံနိုင်လောက်အောင် ဆိုးရွားနေပြီ” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောလိုက်ပြီး အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ရမယ်လို့  သတိပေးလိုက်ကြောင်း၊ မြန်မာနိုင်ငံမှာ လူပေါင်း ၁၆ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပြီး ၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့က မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေး ပြင်ပတွေ့ဆုံမှုအတွင်း ဂူတာရက်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း၊ ဒါ့အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံက အရပ်သားသေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်း ဖြစ်လာနေပြီလို့ပြောဆိုထားကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ရာထူးသက်တမ်း မကုန်ခင် သူ့ရဲ့ နောက်ဆုံးအဓိက သံတမန်ရေးရာ လုပ်ငန်းစဉ်တခုဖြစ်တဲ့ အာဆီယံအစည်းအဝေးတက်ရောက်တဲ့ ဂူတာရက်စ်က “မြန်မာနိုင်ငံမှာ သည်းမခံနိုင်လောက်အောင် ဆိုးရွားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းက ဆက်ဖြစ်နေတုန်းပါပဲ။ အကြမ်းဖက်မှုတွေ ရပ်ရပါမယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာတွေ အဆုံးသတ်ရမှာဖြစ်ပြီး ဘယ်သူက ဘယ်နယ်မြေကို ထိန်းချုပ်ထားသည်ဖြစ်စေ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ချက်ချင်းနဲ့ ခြွင်းချက်မရှိ ရောက်ရှိခွင့် ပေးရပါမယ်” လို့ ပြောပါတယ်။

The Straits Times ရဲ့ ဖော်ပြချက်မှာတော့ ဂူတာရက်စ် ပြောကြားချက်အပြင် အခြားသတင်းစကားတွေကိုလည်း ချဲ့ကား ဖော်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဆိုတဲ့ ပုဂ္ဂိုလ်က ဒီလိုစကားပြောလာတော့ အဲဒီလူကို ကျွန်တော်တို့ မြန်မာပြည်သူတွေကလည်း ပြန်ပြောဖို့ လိုအပ်လာပါတယ်။ 

ဂူတာရက်စ် ဟာ အကြမ်းဖက်အားပေး လုပ်ရပ်တွေ အစဉ်တစိုက်လုပ်ခဲ့ပြီး အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ရမယ်လို့  သတိပေးတာ က ဘယ်အဖွဲ့အစည်းကို ပေးတာလဲ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတဟာ ဘယ်သူဘယ်ဝါ ဖြစ်ပါတယ်လို့ သတ်မှတ်ခွင့်ရှိသလား။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ သမ္မတသည်သာ နိုင်ငံတော်ရဲ့ သမ္မတ ဖြစ်ပါတယ်။ ဂူတာရက်စ် ဟာ ကုလသမဂ္ဂမှာ မဲလိမ်မဲခိုးပါတီ က ဝင်းမြင့် ကို သမ္မတအဖြစ် ဆက်လက်မှတ်တမ်းတင် ထားရှိတယ်ဆိုတာက မလိုလားအပ်သော လုပ်ရပ်ကို မျက်နှာဗြောင်တိုက်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကို မြန်မာနိုင်ငံက အသစ်ခန့်အပ်လို့ မရအောင် အကြမ်းဖက်လှုံ့ဆော်လုပ်နေတဲ့ ရာဇဝတ်ကောင် ကျော်မိုးထွန်း ကို ဆက်ပြီး လက်ခံထားခြင်းဟာလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး မြန်မာနိုင်ငံအပေါ် မလိုလားအပ်တဲ့ နိုင်ငံရေးရာ ဖိအားပေးမှုတွေ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်မှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ NUG, CRPH နဲ့ တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို ပြောဆိုရမှာ ဖြစ်ပါတယ်။ ယခု ဂူတာရက်စက် က သမ္မတအဖြစ် မှတ်တမ်းတင်ထားရှိတဲ့ ဝင်းမြင့် ပါဝင်ခဲ့တဲ့ NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူအများစုဟာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် စဉ်ဆက်မပြတ် လှုံ့ဆော်ခဲ့ကြတယ်။ မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း သောင်းနဲ့ချီပြီး သတ်ခဲ့ပြီးပြီ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်တဲ့နေရာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေလည်း ပါဝင်တယ်။ 

ဂူတာရက်စ် လက်ခံပြီး ပြောရေးဆိုခွင့်ပေးထားတဲ့ ကျော်မိုးထွန်း ဆိုသူသည်လည်း NUG အကြမ်းဖက်အဖွဲ့ရဲ့ ဘက်တော်သားတစ်ဦးအနေနဲ့ ရပ်တည်နေတယ်ဆိုတာကို ဂူတာရက်စ် သိသင့်ပါတယ်။ ဂူတာရက်စ် သည် မြန်မာနိုင်ငံရဲ့ ပိုဆိုးလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ “သည်းမခံနိုင်လောက်အောင် ဆိုးရွားနေပြီ” လို့ လူကြားကောင်းအောင် ပြောဆိုနေသည့်တိုင်အောင် သူကိုယ်တိုင်က ဒီမိုကရေစီအရည်ခြုံ၊ လူ့အခွင့်အရေးအရည်ခြုံ အကြမ်းဖက်ဝါဒီတွေကို အားပေးအားမြှောက်လုပ်နေတာက ထင်ရှားပါတယ်။


ဒါကြောင့် ဂူတာရက်စ် အနေနဲ့ အကြမ်းဖက်မှုတွေကို မလိုလားတာ အမှန်တကယ်ပဲဆိုရင် CRPH, NUG အပါအဝင် အကြမ်းဖက်အဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့ဝင်တွေကို အားပေးအားမြှောက် မလုပ်ပါနဲ့။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တကယ်ပဲ အလေးထားတယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်ပြီး ငါနဲ့မတူ ငါ့ရန်သူ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ရက်စက်စွာ သတ်ဖြတ်နေတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့များရဲ့ ရက်စက်ယုတ်မာမှုတွေကို ရပ်တန်းက ရပ်ကြဖို့ မှန်ကန်စွာ ပြောဆိုပါ။

ကုလသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်သွားတဲ့ ဘန်ကီမွန်းလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ ရပ်တည်ချက် မရှိခဲ့ဘူး။ မြန်မာပြည်ကို ချနင်းပြီး ကိုယ်ကျိုးရှာသွားခဲ့တယ်။ ဂူတာရက်စ်လည်း ထိုနည်းတူစွာပါပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို ချနင်းပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ကိုယ်ကျိုးရှာနေသူတစ်ယောက်လို့ပဲ မြင်ပါတယ်။ လူကြီးလူကောင်း တစ်ယောက်အနေနဲ့က လူ့အခွင့်အရေးကို အမှန်တကယ် လေးစားတန်ဖိုးထားတယ်ဆိုရင် လူ့အခွင့်အရေးကို အသုံးချပြီး ကိုယ်ကျိုးမရှာပါနဲ့။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အလွန်အကြူးလုပ်ဆောင်နေတဲ့ CRPH, NUG, PDF, KNU, KNLA, AA အစရှိသော လက်နက်မဲ့ ပြည်သူများအပေါ်မှာ နည်းမျိုးစုံနဲ့ ရက်စက်ယုတ်မာရိုင်းနေတဲ့ အကြမ်းဖက်အဖွဲ့များရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့ လူကြီးလူကောင်းဆန်ဆန် ရဲရဲဝံ့ဝံ့ ပြောဆိုပါလို့ တိုက်တွန်းလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

#News #Myanmar


မူရင်းသတင်း — Myanmar National Post