NP News

YBS များကို EV စနစ်ပြောင်းလဲပါက ယာဉ်ပိုင်ရှင်များ အရင်းကျေရန်အခက်အခဲရှိနိုင်ဟု ဆို

စိမ့်စမ်းရေ (NP News)-နိုဝင်ဘာ ၁၇
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များကို EV စနစ်သို့ အလုံးစုံ ပြောင်းလဲအသုံးပြု ရမည်ဆိုပါက ယာဉ်ပိုင်ရှင်များတွင် အခက်အခဲများဖြစ်လာနိုင်ကြောင်း ယာဉ်ပိုင်ရှင်တစ်ဦးကို NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
YBS ယာဉ်များအစား EV Bus များကို အစားထိုးမည်ဆိုပါက EV Mini Bus တစ်စီးလျှင် ငွေကျပ် သိန်း (၄၀ဝဝ) ခန့် ကုန်ကျမည်ဖြစ်ပြီး အဆို ပါ ယာဉ်ဝယ်ယူစရိတ်ကို ယာဉ်စီးခနှုန်းထားဖြင့် ပြန်လည် ကျေရန်မှာ ခက်ခဲကြောင်း ၎င်းကပြောသည်။ “ဘာခက်ခဲလဲဆို သူတို့ပြောတဲ့ EV Mini Bus တစ်စီးက သိန်း (၄၀ဝဝ) လောက်ရှိတယ်။ ကျွန်တော်တို့မှာ သွင်းစရာလည်း မရှိဘူးလေ။ အဲဒီ သိန်း (၄၀ဝဝ) တန် EV ကိုရင်းပြီးသွားရင် ကျွန်တော်တို့က လူတစ်ယောက်ကို (၅၀ဝဝ) လည်း တောင်းလို့မရဘူး။ တစ် ယောက်မှ (၅၀ဝ)၊ (၁၀ဝဝ) ရတာ။ ဒီကားကြီးကို အရင်းကျေအောင်လုပ်ဖို့ဆိုတာ အဆင်မပြေဘူး။ အရင်းကျေအောင် ကားဖိုးကျေအောင် ရှာဖို့က မလွယ်ဘူး” ဟု ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။
ထို့ပြင် လက်ရှိတွင် (၂၄) နာရီ လျှပ်စစ်မီး မရရှိသည့်အပြင် EV ယာဉ်များအတွက် အားသွင်း စင်တာများလည်း မတည်ဆောက်ရသေးသဖြင့် EV စနစ်သို့ပြောင်းလဲပါက ယာဉ်များကို အားသွင်းရန် အခက်အခဲရှိနိုင်ကြောင်း ၎င်းကပြောသည်။ “EV ကားထောင်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာက မီးက (၂၄) နာရီလည်း လာတာမဟုတ်ဘူး။ ပြီးတော့ အားသွင်းတဲ့စင်တာတွေလည်း ဘာတစ်ခုမှ မလုပ်ရသေး ဘူးလေ။ အဲဒီအတွက် ဘယ်လိုအဆင်ပြေမလဲ” ဟု ၎င်းကပြောသည်။
YBS ယာဉ်များကို EV စနစ်သို့ ပြောင်းလဲ ရာတွင် ယာဉ်အပ်နှံရမည့် အစီအစဉ်နှင့်ပတ်သက်၍ တန်းတူညီမျှမှုနှင့် ပွင့်လင်းမြင်သာမှုမရှိကြောင်း ၎င်းကဆိုသည်။ “တစ်ပြေးညီအပ်ခိုင်းတာဆို (၂၀ဝ၁) အောက် ကားတွေအကုန် အပ်ရမှာလေ။ အဲဒါကို မအပ်ဘဲနဲ့ ကျွန်တော်တို့ကုမ္ပဏီက ကျန်တဲ့ကားတွေ ကျန်ပြီးတော့ တခြားကုမ္ပဏီကလည်း (၂) စီးတို့ ဘာတို့ သူတို့နဲ့အဆင်မပြေတဲ့ကားတွေချည်းပဲထည့်ပြီး တော့ အရည်ကျိုခြင်းအတူတူကို ကျန်တဲ့ကားတွေက ကျန်ခဲ့တယ်။ အဲဒါကျတော့ ကျွန်တော်တို့က လက် မခံဘူး။ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ၎င်းကပြောသည်။
ထို့ပြင် ယာဉ်အပ်နှံရမည့်အစီအစဉ်နှင့် ပတ်သက်၍လည်း ယာဉ်ပိုင်ရှင်များအနေဖြင့် တိကျ သည့်အချက်အလက်များ မရရှိသေးကြောင်း ၎င်းကဆိုသည်။ “ကားအပ်လိုက်လို့ စလစ်ပြန်ရမယ်ဆိုတာ ကလည်း ဘယ်လိုစလစ်ပြန်ရမလဲ။ ဘယ်လိုတွေလဲဆိုတာ ကျွန်တော်တို့ကို တိကျရေရာတဲ့အဖြေ မပြောဘူး။ ဟိုတစ်နေ့အစည်းအဝေးမှာကျ ကျွန်တော်တို့ကို (၃) လကနေ (၆) လအတွင်း မဖြစ်မနေ အပ်ရမယ့်ပုံစံမျိုးပြောတယ်။ ဘယ်နေ့နောက်ဆုံးအပ်ရမယ်ဆိုတာမျိုးလည်း တိတိကျကျ မရှိဘူး” ဟု ၎င်းကပြောသည်။

မူရင်းသတင်း — NP News