Myanmar National Post

မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လာသည့် အလုပ်သမားများ၏ ပြည်ပထွက်ခွာခွင့် လျှောက်ထားလာမှုများကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) ၌ နိုဝင်ဘာ၂ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိ


ရန်ကုန်၊ နိုဝင်ဘာ ၁၇          

မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လာသည့် အလုပ်သမားများ၏ ပြည်ပထွက်ခွာခွင့် လျှောက်ထားလာမှုများကို ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြခြင်းအစား ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(မြောက်ဒဂုံ)တွင် နိုဝင်ဘာ ၂ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၁၀ ရက်အထိ ခွင့်ပြန်အလုပ်သမား စုစုပေါင်း ၇၁၄ ဦးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ခွင့်ပြန်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင် နှုန်း လွှဲပို့ခဲ့မှု၊ အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်မှုနှင့် ခွင့်ပြန်အထောက်အထားများကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ A.D Bank များ၊ RBL လိုင်စင်ရ ငွေလွှဲလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ စိစစ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၊ လာရောက်ဆောင်ရွက်သည့် အလုပ်သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား ၎င်းတို့ သွားရောက်မည့်နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရေး အသိပညာပေးပို့ချလျက်ရှိသည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်း ပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ထို့ပြင် ဒုတိယဝန်ကြီးသည် HRD Korea အဖွဲ့နှင့် တွေ့ဆုံ၍ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် အလုပ်သမားစေလွှတ် ရေးလုပ်ငန်းစဉ်များ၊ EPS စနစ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင် နှုန်းကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် ပြည်တွင်းရှိ မိသားစုများထံ တရားဝင်လွှဲပို့နိုင်ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရေး တွေ့ဆုံမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ NSSA နည်းပညာ အထောက်အကူပြုရုံး (ရန်ကုန်) သို့သွားရောက်၍ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် လုပ်သားများအား စာချုပ် ချုပ်ဆိုနေမှုကို ကြည့်ရှုစစ်ဆေးပြီး အလုပ်သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post