၁၇.၁၁.၂၀၂၆
Written by NYL
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) တတိယနေ့ကို ယနေ့ နိုဝင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့ပြီး “ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း ” နှင့် ပတ်သက်၍ ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးသော်တာ၊ ကျောက်တံတားမြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အ မှတ်(၂) ဦးကျော်မင်းထက်၊ ဒလမြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးသန်းဦးနှင့် လှိုင်မြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးစံကျော်တို့ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြိုနယ် တိုင်းဒေသကြီးကိုယ်စားလှယ်နှင့် လှိုင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်တို့က ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များတွင် အရက်ဆိုင်များ တိုးပွားများပြားလာပြီး ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံတို့နှင့် နီးကပ်တည်ရှိနေမှုနှင့် ပတ်သက်၍ ထိန်းချုပ်၊ ကြီးကြပ်ပေးရန် ၎င်းတို့ဆွေးနွေးမှုများတွင် ထည့်သွင်းတင်ပြခဲ့ကြသည်။
ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြိုနယ် ကိုယ်စားလှယ်အမှတ်(၂) ဦးသော်တာက ” ဥပဒေကြမ်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားစိစစ်ချက် အပိုဒ် (၄)၊ စာကြောင်းရေ (၅)၊ အခန်း (၂) ရည်ရွယ်ချက်နဲ့ ရည်ရွယ်ချက်များ၏ ပုဒ်မ (၃) ပုဒ်မခွဲ (က) မှာ အရက်သေစာသောက်စားသည့် အလေ့အကျင့်ပြန့်ပွားမှုနဲ့ အားပေးမှုမရှိရန်လို့ ပါရှိပါတယ်။ သို့အတွက်ကြောင့် အရက်ဆိုင်များ တိုးပွားလာမှုကိုလည်း ထိန်းချုပ်သင့်တယ်လို့ ယူဆပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ တိုးပွားများပြားလာတဲ့ အရက်ဆိုင်တွေဟာ ယစ်မျိုးဥပဒေ၊ ယစ်မျိုးနည်းဥပဒေ (၂၂၊ ၂၃) ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီးတော့ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံတို့နဲ့ နီးကပ်စွာ တည်ရှိပြီးတော့ ဆိုင်တစ်ဆိုင်နဲ့ တစ်ဆိုင်ကြား ရှိရမယ့် အကွာအဝေးကလည်း အလွန်နီးကပ်နေတာကို တွေ့ရပါတယ် ” ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။





ထို့ပြင် အရက်ဆိုင်များ နီးကပ်စွာတည်ရှိမှုနှင့် ထပ်မံချထားပေးမှုများသည် အခွန်ထမ်းဆောင်နေသည့် ဆိုင်များအတွက် ဝင်ငွေလျော့ကျပြီး ထိခိုက်မှုများလည်း ဖြစ်စေကြောင်း၊ ယင်းကြောင့် အခွန်တိုးကောက်ခံခြင်းနှင့်အတူ ယစ်မျိုးလိုင်စင် နည်းဥပဒေ (၂၂) နဲ့ (၂၃) တို့ကိုလည်း တိကျစွာ လိုက်နာရန်လိုသည်ကို တင်ပြလိုကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာက ၎င်း၏ဆွေးနွေးမှုတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ လှိုင်မြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးစံကျော်ကလည်း ယစ်မျိုးလိုင်စင်များ ချထားပေးရာတွင် ဆေးရုံများ၊ ကျောင်းများနှင့် ဘုန်းကြီးများနှင့် ကိုက် ၁၀၀ အကွာမှာ ချထားပေးရမည်ဟု ဥပဒေတွင်ပါရှိသည့်အတွက် အောက်ခြေတွင် သေချာကြီးကြပ်ထိန်းကျောင်းပေးရန် တင်ပြဆွေးနွေးခဲ့သည်။
လှိုင်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးစံကျော်က ” ယစ်မျိုးလိုင်စင်တွေ ချထားပေးတဲ့နေရာ ခုနက ကိုယ်စားလှယ်ကြီး ဦးသော်တာဆွေးနွေးသွားသလိုပါပဲ… ကျွန်တော်တို့ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ကိုက် ၁၀၀ အကွာမှာ ချထားပေးရမယ်လို့ ဥပဒေမှာလည်း ရှိတဲ့အတွက် ကျောက်တံတားမြို့နယ်နဲ့ ဗိုလ်တထောင်ခရိုင်ဆက်နေတဲ့ ရပ်ကွက်ကလည်း ဘူတာကြီးနဲ့ဖြစ်တဲ့အတွက် ဆိုင်ဖွင့်တာပေါ့။ ဆိုင်ဖွင့်တဲ့အတွက် မော်လမြိုင်ကျောင်းတိုက်က ဒါနဲ့အနီးကပ်ဆုံးဖြစ်တဲ့အတွက်ကြောင့်မို့ ဆရာတော်တွေ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ခဲ့ရတဲ့ သာဓကတွေလည်းရှိပါတယ်။ ယစ်မျိုးချထားပေးတာနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေမှာ ဒီဟာကို သေခြာလေး အောက်ခြေမှာ သေချာလေး ကြီးကြပ်ထိန်းကျောင်းပေးဖို့လည်း ကျွန်တော်အနေနဲ့ ထပ်မံတင်ပြဆွေးနွေးပါတယ် ” ဟု ပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့( နိုဝင်ဘာ ၆ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီက ” ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း” အား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းဟု ခေါ်တွင်စေရန်နှင့် မူလဥပဒေဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ၏ ပုဒ်မ ၄၊ ပုဒ်မခွဲ (က)၏ လိုင်စင်အမျိုးအစားအလိုက် ယစ်မျိုးခွန်ကောက်ခံမည့် နှုန်းထားများကို အစားထိုးပြင်ဆင်ရန်တို့ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးသည် ယစ်မျိုးလိုင်စင်ကောက်ခံသည့် နှုန်းထားအများဆုံးစာရင်းတွင် တတိယအဆင့်သာရှိရာ ယစ်မျိုးလိုင်စင် ၃၂ မျိုးကို လက်ရှိကောက်ခံနေသည့်နှုန်းထားများအပေါ် ဖြစ်သင့်သည့်နှုန်းထားများအား ပြင်ဆင်သည့်ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြရခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အခွန်ရငွေတိုးမြှင့်ရရှိနိုင်ရန်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ သဘောထား မှတ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။