Kanbawza Tai News

နယူးယောက်မြို့တော်ဝန် မမ်ဒါနီက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရဲတပ်ဖွဲ့ယူနစ်ကို ဖျက်သိမ်း

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်

နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီဟာ ဆန္ဒပြသူတွေကို အင်အားအလွန်အကျွံသုံးခဲ့တယ်လို့ ဝေဖန်ခံထားရတဲ့ ရဲတပ်ဖွဲ့ယူနစ်တစ်ခုကို ဖျက်သိမ်းပြီး လူထုဦးဆောင်တဲ့ ချဉ်းကပ်မှုအသစ်နဲ့ ဆန္ဒပြပွဲကြီးတွေကို ကိုင်တွယ်သွားမယ်လို့ တနင်္လာနေ့မှာ ကြေညာပါတယ်။

မမ်ဒါနီဟာ မနှစ်က ရွေးကောက်ပွဲမဲဆွယ်စဉ်ကတည်းက နယူးယောက်ရဲဌာနရဲ့ Strategic Response Group (SRG) ကို ဖျက်သိမ်းမယ်လို့ ကတိပြုထားတာပါ။ SRG ဟာ ဖွဲ့စည်းထားတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ယူနစ်တစ်ခုဖြစ်ပြီး လမ်းပေါ်ဆန္ဒပြပွဲတွေမှာ အင်အားအလွန်အကျွံသုံးတဲ့ နည်းလမ်းတွေကြောင့် တရားရေးအရ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီထဲမှာ အဓိကရုဏ်း ထိန်းချုပ်ရေးဝတ်စုံဝတ်ပြီး လက်နက်ကိုင်ထားတဲ့ ရဲတွေက ငရုတ်ကောင်းစပရေးအသုံးပြုတာနဲ့ လူအများအပြားကို ဖမ်းဆီးတာတွေလည်း ပါဝင်ပါတယ်။

မမ်ဒါနီက နယူးယောက်ရဲဌာန ရဲမင်းကြီး ဂျက်စီကာ တစ်ရှ်နဲ့အတူ ပူးတွဲကြေညာရာမှာ Community Dialogue and De-escalation Division လို့ခေါ်တဲ့ လူထုဦးဆောင်အဖွဲ့အသစ်တစ်ခု ဖွဲ့စည်း မယ်လို့ ပြောပါတယ်။ အဲဒီအဖွဲ့ဝင်တွေ ဟာ လက်နက်မကိုင်ဆောင်ရသလို လူတွေကို ဖမ်းဆီးခွင့်လည်း ရှိမှာမဟုတ်ပါဘူး။

ရဲဌာနအတွင်းမှာတော့ ဖျက်သိမ်းလိုက်တဲ့ SRG ယူနစ်နေရာကို တစ်စိတ်တစ်ပိုင်းအနေနဲ့ Patrol Support Division ဆိုတဲ့ ယူနစ်အသစ်နဲ့ အစားထိုးမှာဖြစ်ပြီး ဆန္ဒပြပွဲတွေကို အရင်နဲ့မတူတဲ့ နည်းလမ်းနဲ့ ကိုင်တွယ်သွားမယ်လို့ မမ်ဒါနီက ပြောပါတယ်။

မမ်ဒါနီက “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒပြခွင့်ရှိတဲ့ နယူးယောက်မြို့သားတွေကို အကြမ်းဖက်မှု အန္တရာယ်တစ်ခုလို တူညီတဲ့ ရဲတုံ့ပြန်မှုမျိုး မလုပ်သင့်ဘူး” လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် နွေရာသီမှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့အချိန် ဆန္ဒပြသူတွေ၊ သတင်းသမားတွေ နဲ့ တရားရေးစောင့်ကြည့်သူတွေကို အင်အားအလွန်အကျွံသုံးခဲ့တယ်ဆိုပြီး တရားစွဲဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။ နယူးယောက်ပြည်နယ် ရှေ့နေချုပ် လက်တီရှာ ဂျိမ်းစ်၊ New York Civil Liberties Union (NYCLU) နဲ့ အခြားအဖွဲ့တွေက တရားစွဲဆိုခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ တရားရေးသဘောတူညီချက်တစ်ရပ်အရ SRG ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

NYCLU နဲ့ အခြား လူ့အခွင့်အရေးအဖွဲ့တွေက မမ်ဒါနီရဲ့ ကြေညာချက်ကို သတိထားပြီး ကြိုဆိုခဲ့ပေမယ့် Patrol Support Division အသစ်ဟာ SRG ကို အမည်ပြောင်းထားတာမျိုးပဲ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

နယူးယောက်မြို့ရဲ့ အကြီးဆုံး အများပြည်သူရှေ့နေအဖွဲ့ဖြစ်တဲ့ Legal Aid Society ကလည်း “ NYPD ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ယူနစ်တွေထဲက တစ်ခု” ကို ဖျက်သိမ်းတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ယူနစ်အသစ်အနေနဲ့ SRG ရဲ့ နည်းလမ်းတွေ ပြန်မဖြစ်လာအောင် တင်းတင်းကျပ်ကျပ် စောင့်ကြည့်ဖို့ လိုအပ်မယ်လို့ ပြောပါတယ်။

NYCLU ကလည်း ၂၀၂၃ ခုနှစ်က နယူးယောက်မြို့နဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်နဲ့အညီ ယူနစ်အသစ်ရဲ့ လုပ်ဆောင်မှုတွေကို အနီးကပ် စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး ရဲတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ NYPD ကို ဦးဆောင်နေတဲ့ ရဲမင်းကြီး ဂျက်စီကာ တစ်ရှ်ကတော့ SRG ရဲအရာရှိ ၅၀၀ လောက်ကို လာမယ့် နွေဦးရာသီမတိုင်ခင် ရဲဌာနအတွင်း တခြားနေရာတွေကို ပြန်လည်တာဝန်ချထား မယ်လို့ ပြောပါတယ်။ တချို့ကိုတော့ လက်ရှိ Counterterrorism Bureau ထဲ ပြောင်းရွှေ့မယ်လို့လည်း ဆိုပါတယ်။

တစ်ရှ်က မြို့တော်ဝန်နဲ့အတူ ABC ရုပ်သံရဲ့ Eyewitness News အစီအစဉ်ကို ပြောရာမှာ လူအုပ်ထိန်းချုပ်ရေး အခြေအနေ တွေကို NYPD က တုံ့ပြန်ပုံမှာတော့ ဘာမှပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောပါတယ်။

Patrol Support Division အသစ်ဟာ SRG နဲ့ ဘယ်လိုကွာခြားမလဲ၊ ယူနစ်အသစ်မှာ SRG ရဲအရာရှိဟောင်းတွေ ပါဝင်မလားဆိုတာနဲ့ ပတ်သက်ပြီး မြို့တော်ဝန်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မေးမြန်းမှုတွေကို တုံ့ပြန်ခြင်းမရှိပါဘူး။

ရဲတပ်ဖွဲ့သမဂ္ဂတွေကတော့ ဒီလုပ်ရပ်ကို ဝေဖန်ပြီး ရဲတွေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေမယ်လို့ ပြောပါတယ်။

Police Benevolent Association ဥက္ကဋ္ဌ ပက်ထရစ် ဟင်ဒရီက “နောက်တစ်ကြိမ် ဆန္ဒပြသူတွေက တံတားတွေနဲ့ လမ်းမတွေကို ပိတ်ဆို့တာ၊ လမ်းတွေပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်တာတွေ ကြောင့် သင့်ဘဝထိခိုက်လာတဲ့ အခါ မြို့တော်ဝန် မမ်ဒါနီဟာ သင့်ဘက်မှာမဟုတ်ဘဲ သူတို့ဘက်မှာ ရှိနေတယ်ဆိုတာကို သတိရပါ” လို့ ကြေညာ ချက်ထဲမှာ ပြောထားပါတယ်။

Ref – Reuters

မူရင်းသတင်း — Kanbawza Tai News