Pika (NP News) - နိုဝင်ဘာ ၁၇
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တယ်လို့ အတိုက်အခံခေါင်းဆောင်တွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ်ပြီး အာရပ်မဲတွေကို ငွေပေးဝယ်ယူခဲ့တယ်ဆိုတဲ့အတုအယောင်အရှုပ်တော်ပုံတစ်ခုကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့ ရုံးက စီစဉ်ဖန်တီးခဲ့တယ်ဆိုတဲ့ပြောဆိုချက်တွေထွက်ပေါ်လာခဲ့ပြီးနောက် အခုလိုစွပ်စွဲချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒီအငြင်းပွားဖွယ်ရာကိစ္စရပ်ကြောင့် ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ တောင်းဆိုမှုတွေပေါ်ပေါက်လာခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်မယ့်အလားအလာကိုလည်း လုံးဝပျက်ပြားသွားစေခဲ့တယ်လို့ သတင်းတွေမှာရေးသားဖော်ပြထားပါတယ်။
ယခင်လွှတ်တော်သက်တမ်းအတွင်းအတိုက်အခံအဖွဲ့ကို ဦးဆောင်ခဲ့သူ ယာအာလာပစ်က "အသေးစိတ်အချက်အလက်တွေ ပိုမိုထွက်ပေါ်လာတာနဲ့အမျှ အရာအားလုံးက ရှင်းလင်းလာပါပြီ။ဒါကရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ကြိုးပမ်းမှုမဟုတ်ပါဘူး။ဒါက အာဏာသိမ်းဖို့ကြိုးပမ်းမှုတစ်ခုဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
နေတန်ရာဟုရဲ့အဓိကပြိုင်ဖက်ဖြစ်တဲ့ စစ်ဦးစီးချုပ်ဟောင်း ဂါဒီအီဆန်ကော့တ်ကလည်း ၎င်းက အစ္စရေးဒီမိုကရေစီစနစ်အတွက် ခြိမ်းခြောက်မှုတစ်ခုလို့ဖော်ပြပြောဆိုခဲ့ပြီး အစိုးရအဖွဲ့ရဲ့ဦးဆောင်နေရာမှာ နောက်ထပ်တစ်မိနစ်လေးတောင် ဆက်ရှိမနေသင့်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
Joint List နိုင်ငံရေးမဟာမိတ်အဖွဲ့ခေါင်းဆောင် ယူဆပ်ဂျာဘာရင်ကလည်း နေတန်ရာဟုကို အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တယ်လို့ ပြစ်တင်ရှုတ်ချခဲ့ပြီး စွပ်စွဲချက်တွေသာ မှန်ကန်ကြောင်းအတည်ပြုနိုင်ခဲ့မယ်ဆိုရင် နေတန်ရာဟုက ရွေးကောက်ပွဲရလဒ်ကို လိမ်လည်လှည့်ဖြားဖို့ အစိုးရအဖွဲ့တွင်းကနေ လုပ်ဆောင်ခဲ့တဲ့ ရာဇဝတ်မြောက်လုပ်ရပ်တစ်ခုဖြစ်လာလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။