


ဖလမ်း၊ နိုဝင်ဘာ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ တီးတိန်မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဖလမ်းမြို့ငစစ်ဗားရေးအားလျှပ်စစ်စက်ရုံ ပြုပြင်နေမှုနှင့် စက်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် တီးတိန်မြို့ ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ပြည်သူ့ဆေးရုံတိုးချဲ့ဆောင်တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေသခံများအား ကြည့်ရှုအားပေးပြီး ဆေးရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တီးတိန်မြို့ ဗဟိုကျောင်းဝင်းအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း KG စာသင်ဆောင်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသားစားရိပ်သာ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ သာသနာရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာနှစ်ခန်းတွဲ (၂) ထပ်အား ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုအခြေအနေ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှစ်ခန်းတွဲ (၁) ထပ် ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဖလမ်းမြို့နယ် ဗါးရ်တံတားအနီးရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၊ ငဆစ်ဗားလျှပ်စစ်စက်ရုံသို့ ရောက်ရှိကြပြီး တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ငဆစ်ဗားရိပ်သာပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ ရေအားလျှပ်စစ်စက်ရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် ရေအားလျှပ်စစ်စက်ရုံစက်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်ပြီး အချိန်မီပြီးစီးနိုင်ရေးနှင့် စက်ပစ္စည်းများ ထပ်မံပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဗါးရ်တံတားတစ်လျှောက် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် နယ်မြေခံတပ်မတော်သားများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များအား “ပြည်သူများ၏ လုံခြုံရေးနှင့် စိတ်ချမ်းသာမှုကို အလေးထားကြရန်” မှာကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#Myanmar #News #ChinState