Myanmar Transparency News

၂၀၂၁ ခုနှစ်မှ ၂၀၂၅ အတွင်း EAOs နှင့် PDF များက ရဟန်းရှင်လူနှင့် နိုင်ငံ့ဝန်ထမ်း ၈၄၅၉ ဦးသတ်ဖြတ်ခဲ့သည့်အပြင် နိုင်ငံပိုင်အဆောက်အအုံ ကျပ် ဘီလီယံ ၁၄၀၀ ဖိုးခန့် ဖျက်ဆီးခဲ့ကြ

သတိုး
၁၈. ၁၁. ၂၀၂၆

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ အတွင်း EAOs နှင့် NUG ဩဇာခံ PDF များက ရဟန်းရှင်လူနှင့် နိုင်ငံ့ဝန်ထမ်း ၈၄၅၉ ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် နိုင်ငံပိုင်အဆောက်အအုံများစွာ ဖျက်ဆီးခဲ့မှုတန်ဖိုးမှာ ကျပ်ဘီလီယံ ၁၄၀၀ ဖိုးခန့် ဖျက်ဆီးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ယခင်က ဆိုရှယ်လစ်ကာလဖြစ်သဖြင့် နိုင်ငံရေးထွက်ပေါက်သာ တောင်းဆိုကြပြီး အများအားဖြင့် တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေး စသည်ဖြင့်သာ တောင်းဆိုခဲ့ကြသော်လည်း PDF များ ပေါ်ပေါက်လာပြီးနောက် EAOs နှင့် PDF များမှာ လူသတ်မှုများ၊ အဖျက်လုပ်ငန်းများ ပိုမိုလုပ်ကိုင်လာသည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်းမှာ PDF တွေ EAOs တွေသတ်ခဲ့လို့ သေတဲ့လူပေါင်း ၈၄၅၀ ကျော်ရှိပါတယ်။ ရဟန်းသံဃာ၊ သီလရှင် အပါး ၉၀ ကျော် ပါပါတယ်။ အရပ်သူ အရပ်သား၊ NLD ပါတီဝင်တွေ၊ USDP ပါတီဝင်တွေ၊ တခြားပါတီဝင်တွေ၊ အရပ်သူ အရပ်သားတွေ ၆၀၀၀ နီးပါးသေပါတယ်။ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ အခြားဝန်ထမ်း ၄၂၀ လောက်သေပါတယ်။ အားလုံးပေါင်းလိုက်ရင် ၈၄၅၉ ယောက်ရှိပါတယ်။ ရဲနဲ့ လုံခြုံရေးဝန်ထမ်းတွေ ၉၆၁ ယောက်ရှိပါတယ်။ ဒါက နိုဝင်ဘာ ၂၆ ရက်အထိ စာရင်းဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့အပြင် EAOs နှင့် NUG ဩဇာခံ PDF များက လူသတ်ရုံသာမက နိုင်ငံပိုင်အဆောက်အအုံများကို ဖျက်ဆီးမှုမှာလည်း ဘီလီယံ ၁၄၀၀ နီးပါးရှိကာ ထို ဖျက်ဆီးခံရသည်များကိုသာ ပြန်လည်ဆောက်လုပ်ပါက လက်ရှိပေါက်စျေးအရ နှစ်ဆ၊ သုံးဆခန့် ကုန်ကျနိုင်ကြောင်းလည်း နိုင်ငံတော်သမ္မတက ခန့်မှန်းသည်။

“PDF နဲ့ EAOs တွေ ဖျက်ဆီးတဲ့အတွက်ကြောင့် နိုင်ငံရဲ့ လမ်းတံတားတွေ၊ အဆောက်အဦတွေ၊ ဆက်သွယ်ရေးကွန်ရက်တွေ၊ ရထားလမ်းတွေ၊ နိုင်ငံပိုင်အဆောက်အဦတွေ၊ ရေယာဉ်တွေ ပျက်စီးတဲ့တန်ဖိုးက ၁၃၉၈ ဒသမ ၂၅၁ ဘီလီယံရှိပါတယ်။ အဲဒါက အဲဒီတုန်းက သတ်မှတ်ထားတဲ့စျေးပေါ့။ ဒါပေမဲ့ အသစ်ဆိုရင် ဒီ့ထက် နှစ်ဆ၊ သုံးဆလောက် ပိုနိုင်ပါတယ်။ ဒါတောင် မကောက်နိုင်တဲ့မြို့နယ်တွေရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တာဝန်ပေးပြီးတော့ ပြုစုပေးပါပြောတော့ သူတို့ တင်ပြတဲ့ စာရင်းအရ ၁၃၉၈ ဒသမ ၂၅၁ ဘီလီယံရှိပါတယ်။ ဒါတွေ ပြန်ဆောက်မယ်ဆိုလို့ရှိရ အများကြီးကုန်ဦးမှာဖြစ်ပါတယ်။ အခုဆိုရင် ချင်းပြည်နယ်၊ တီးတိန်၊ ဖလမ်း၊ ဟားခါးမှာ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေတယ်။ ကျွန်တော်ပေးလို့ကို မလောက်ပါဘူး။ ပို့လို့ကို မလောက်ပါဘူး။ တော်တော် ခက်ခက်ခဲခဲပို့ရပါတယ်”ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

ထို့အတူ ပြီးခဲ့သည့် သစ်ပင်စိုက်ပွဲတွင်လည်း ဒီးမော့ဆိုမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်အမျိုးသမီးနှင့်တွေ့ချိန် နှုတ်ဆက်သဖြင့် ကယားလက်နက်ကိုင်များ ဖျက်ဆီးခဲ့သည့် ဒီးမော့ဆိုမြို့နယ်သို့ ပြည်သူများ ပြန်လည်ဝင်ရောက်မှုအခြေအနေမေးမြန်းရာ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသဖြင့် ဝင်ရောက်မှုနည်းပါးနေကြောင်းပြောသဖြင့် ဒီးမော့ဆိုမြို့နယ် ပြန်လည်တည်ဆောက်ရေး လမ်းညွှန်ရာ သစ်အများအပြား တောင်းခံပြီး တစ်မြို့လုံး ပြန်လည်တည်ဆောက်ရမည့်အခြေအနေဖြစ်နေကြောင်း ပြောကြားခဲ့သဖြင့် ထိုသို့သော ဖျက်ဆီးမှုများ ပြန်လည်ကုန်ကျမှုပါ တွက်မည်ဆိုပါက EAOs နှင့် NUG ဩဇာခံ PDF များ ဖျက်ဆီးမှုအပေါ် ပြန်လည်တည်ဆောက်ရမည့် ကုန်ကျစရိတ်မှာ ဘီလီယံထောင်ဂဏန်းသာမက ကျပ်ထရီလျံပေါင်းများစွာပင် ကျသင့်နိုင်ကြောင်းလည်း နိုင်ငံတော်သမ္မတက တွက်ချက် ပြောကြားခဲ့သည်။

EAOs နှင့် NUG ဩဇာခံ PDF များအနေဖြင့် အစိုးရကို မကျေနပ်ပါက တပ်စခန်းများကို တိုက်ခိုက်နိုင်သော်လည်း လက်ရှိလုပ်ရပ်များမှာ ပြည်သူများပိုင်ဆိုင်သည့် အခြေခံအဆောက်အအုံများကိုသာ ဖျက်ဆီးနေသဖြင့် ပြည်သူကို ဒုက္ခပေးနေခြင်းဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News