




ဖလမ်း၊ နိုဝင်ဘာလ ၁၈
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောက်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖလမ်မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများလည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး တစ်စိတ်တစ်ပိုင်းပြုပြင်ခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာနမှူးရုံး အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်း၊ ခရိုင်မှူးနေအိမ်နှင့်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာတွင် ဝန်ထမ်းများဝင်ရောက်နေထိုင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဆယ်တင်ပစ္စည်းများ အလေအလွင့်မရှိစေရေး စနစ်တကျသိမ်းဆည်းထားရှိရန်၊ အဆောက်အအုံပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်မှာကြားသည်။ ယင်းနောက် သစ်တောဦးစီးဌာန ပျိုးဥယျဥ်တွင် ချယ်ရီ၊ ရေပိတောက်၊ စိန်ပန်းစသည့် ပျိုးပင်ပေါင်း (၅၀၀၀)ပျိုးထောင်ထားမှုအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြို့နယ်သမဝါယမဦးစီးဌာန ၂ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့် ဝန်ထမ်းမိသားစုများ နေထိုင်မှုအခြေအနေများအားလည်းကောင်း၊ ရုံးအဆောက်အအုံပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ရုံးဝင်းအတွင်းရှိ ပြန်လည်ပြုပြင်ပြီးစီးသည့် ကားဂိုဒေါင်အား ယာယီရုံးဖွင့်လှစ်ထားရှိကာ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ အလုံးစုံပျက်စီးသွားသည့် ရုံးအဆောက်အအုံနှင့် ပြန်လည်ပြုပြင်ပြီးစီးသည့် ခရိုင်ဦးစီးမှူးနေအိမ်အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#Myanmar #News