
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်တွင် ယနေ့ နိုဝင်ဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွ ရူးသွပ်ဆေးပြား ရောင်းချသူ အမျိုးသားတစ်ဦးကို ဆေးပြား ၃၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နိုဝင်ဘာလ ၁၈ ရက်၊ နေ့လယ် ၁ နာရီခန့်က မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ ရှုခင်းသာလမ်း ပေါ်တွင် ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ် ယင်းအမျိုးသားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူမှာ စိုင်းကြည်ထွေး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းကိုင်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ပြား၊ အလေးချိန် ၂ ဒသမ ၇ ဂရမ်ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းကြည်ထွေးအား တောင်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။