
သန့်ဇင်(NP News)-နိုဝင်ဘာ ၁၈
(၁၀၂၇)တွင် MNDAAက မဟာမိတ်များအပြင် အခြားသောအကူညီများဖြင့် အလစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့(နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က MNDAA တို့ ရှမ်းပြည်နယ်မြောက်ပိုင်း၌ စတင်တိုက်ပွဲဖော်ဆောင်စဉ် လူအင်အား၊ လက်နက် အင်အားနှင့် နည်းပညာအင်အားတို့ဖြင့် သာလွန်အင်အားအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
“သူပုန်ဆိုတာလည်း အလစ်ယူပြီးတိုက်တာ။ ဥပမာအားဖြင့် MNDAA ပြီးခဲ့တဲ့ ၂၀၂၃ က တိုက်တာ။ အောက်တိုဘာ ၂၇ ရက် ကျွန်တော် ခရီးသွားနေတာ။ ကျွန်တော်ခရီးသွားနေတုန်း မနက်အစောကြီး ကျွန်တော့်ဆီကို ဖုန်းလာတယ်။ ဗိုလ်ချုပ်မှူးကြီးတဲ့ ဒီဘက် တိုက်ပွဲ ဖြစ်နေပြီ။ ဘယ်မှာလဲကျွန်တော်မေးတော့ ချက်ခြင်းမြေပုံကောက်ထုတ်ကြည့်ပေါ့။ အင်အားဘယ်လောက်များလည်းဆိုတော့ အင်အား ဘယ်လောက်များတယ်။ လက်နက်အင်အား၊ နည်းပညာအင်အား၊ လူအင်အားသာလွန်တဲ့အင်အားနဲ့ MNDAA တိုက်တာပေါ့”ဟု နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။
ထိုသို့ တိုက်ပွဲဖော်ဆောင်စဉ်က MNDAA နှင့်အတူ TNLA နှင့် AA တို့ကလည်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် MNDAA အဖွဲ့သည် ၎င်းတို့အဖွဲ့အင်အားဖြင့်သာ တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အခြားသော အကူအညီများနှင့် အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
“နောက်မှာသူတို့ရဲ့မဟာမိတ်တွေအကုန်ပါပါတယ်။ ကျွန်တော်တို့ တချို့ပြောမကောင်းလို့သာမပြောတာ။ အကူအညီတွေပါတယ်။ တိုက်တာ။ သူတို့အင်အားနဲ့တိုက်တာမဟုတ်ပါဘူး။ ဒါက အလစ်ပေါ့”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ကြောင့် တပ်မတော်သာမက ရဲတပ်ဖွဲ့သည်လည်း တပ်စခန်း၊ ရဲစခန်းများ၌ အဆင်သင့်ရှိနေရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
“အဲဒါကြောင့် တပ်တွေက အဆင်သင့်ဖြစ်နေဖို့လိုအပ်တယ်။ တိုက်နိုင်တဲ့အင်အားတွေရှိနိုင်ဖို့အတွက် တိုက်နိုင်တဲ့စွမ်းပကား တွေရှိနိုင်ဖို့ လိုအပ်တယ်။ အဲဒီလိုပဲ ရဲ။ တရားဥပဒေစိုးမိုးရေးအတွက် ရဲစခန်းတွေမှာ အဆင်သင့်ဖြစ်ဖို့လိုအပ်တယ်။ အဲဒီလိုပဲ ကျန်းမာရေး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့လူတွေကလည်း ဆေးရုံတွေမှာ ရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် သူတို့အတွက် အိမ်ရာတွေ ဆောက်ပေးဖို့လိုပါတယ်။ ဒါတွေအတွက် တင်ပြတဲ့အခါကျရင်လည်း ဒါကိုဝေဖန်ထောက်ပြခြင်းမလုပ်ဘဲနဲ့ ထောက်ခံပေးဖို့ ကျွန်တော် ပြောလိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။