
ပြည်ပအကူအညီမပါဘဲ ငါးနှစ်တာအတွင်းပြည်ပကြွေးမြီ သုံးဘီလျံကျော်( ၂၉ ရာခိုင်နှုန်းခန့်) လျှော့ချနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်၏ မူဝါဒများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" ကျွန်တော် တာဝန်ယူတဲ့အချိန်မှာ ကြွေးမြီတွေ ရအောင်ပြန်ဆပ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပြန်ဆပ်တာမှာ ၂၀၂၅-၂၀၂၆ အစိုးရ တာဝန်ယူတဲ့အချိန်မှာ ၈ ဒသမ ၆၉ ဘီလီယံ အထိလျှော့ချနိုင်တယ်။ အကြွေးတွေ ပြန်ဆပ်ပေမယ့် ပြည်ပကထောက်ပံ့မှုတွေ ချေးငွေတွေ မရပါဘူး။ ကမ္ဘာ့ဘဏ်တို့ ADB တို့ တဦးချင်းပေးတာတွေ မရပါဘူး" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဒီမိုကရေစီအစိုးရ ပထမသက်တမ်း ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာနှစ်က ပြည်ပကြွေးမြီ ဒေါ်လာ ၇၉၁၈ ဒသမ ၄၈၃ ဘီလျံ၊ ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၈၁၁၂ ဒသမ ၇၂၂ ဘီလျံ၊ ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၉၇၅၆ ဒသမ ၅၈၃ ဘီလျံ၊ ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၈၈၃၈ ဒသမ ၁၃၇ ဘီလျံနှင့် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၉၅၃၀ ဒသမ ၂၅၂ ဘီလျံရှိခဲ့ကြောင်း သိရသည်။
ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်က ပြည်ပကြွေးမြီ ဒေါ်လာ ၉၁၄၈ ဒသမ ၈၂၁ ဘီလျံ၊ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၀၂၀၀ ဒသမ ၁၇၀ ဘီလျံ၊ ၂၀၁၈ ခြောက်လတာဘတ်ဂျက်တွင် ပြည်ပကြွေးမြီဒေါ်လာ ၉၇၅၂ ဒသမ ၄၇၄ ဘီလျံ၊ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၀၀၀၃ ဒသမ ၈၇၂ ဘီလျံ၊ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၁၃၅၉ ဒသမ ၉၇၁ ဘီလျံနှင့် ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၂၀၈၃ ဒသမ ၈၀၀ ဘီလျံရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့ကာလတွင် ပြည်ပချေးငွေများကို နှစ်စဥ် ပြန်လည်ပေးဆပ်ခဲ့သဖြင့် ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၁၄၂၉ ဒသမ ၁၄၆ ဘီလျံ၊ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၀၅၉၅ ဒသမ ၆၆၇ ဘီလျံ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၉၆၈၆ ဒသမ ၆၄၆ ဘီလျံ၊ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၉၃၁၉ ဒသမ ၁၆၈ ဘီလျံ၊ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၈၆၉၆ ဒသမ ၄၅၉ ဘီလျံသို့ လျော့ကျခဲ့ကြောင်း သိရသည်။
လက်ရှိအစိုးရလက်ထက် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ပြည်ပကြွေးမြီများ ထပ်မံပေးဆပ်မည်ဖြစ်ရာ စုစုပေါင်းပြည်ပကြွေးမြီအား ယခုဘဏ္ဍာနှစ်ကုန်တွင် ဒေါ်လာ ၈၅၆၉ ဒသမ ၀၄၁ ဘီလျံအထိ လျော့ကျလာရန် မျှော်မှန်းထားကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားချက်အရ သိရသည်။
ထို့ပြင် ဘဏ္ဍာရေးလိုငွေမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ပထမအစိုးရသက်တမ်းတွင် ဒေါ်လာ ၁၂ ဒသမ ၁ ဘီလျံခန့် ရှိခဲ့ပြီး ၂၀၁၆-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံခန့် ထပ်မံလိုငွေပြခဲ့သဖြင့် အစိုးရနှစ်ဆက်တွင် စုစုပေါင်း ဘဏ္ဍာရေးလိုငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇ ဘီလျံခန့် ရှိခဲ့သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယင်းသို့ ဖြစ်ရခြင်းမှာ ပို့ကုန်နှင့် သွင်းကုန် မညီမျှမှုကြောင့်ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။
" အစီရင်ခံစာရေးခိုင်းပါတယ်။ ကျွန်တော်တို့လည်း နဂိုကတည်းက ဒီလိုဖြစ်တယ်ဆိုတာကို သိပါတယ်။ သို့သော် ကိန်းဂဏန်းတိတိကျကျသိချင်တဲ့အတွက် ကြောင့် အစီရင်ခံစာရေးပြီး ၂၀၂၂ ခုနှစ်မှာ ဒီအစီရင်ခံစာကို တင်ခဲ့ခိုင်းပါတယ်။ တင်ခဲ့ခိုင်းတော့ အဲဒီမှာ ခေတ်အဆက်ဆက်ပို့ကုန်နဲ့ သွင်းကုန် မညီမျှ မှုတွေ အများကြီးတွေ့ပါတယ်" ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။