Positive Angle News

ရွာငံတွင် လင်မယားနှစ်ဦး ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံရပြီး မုဒုံတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

(မှုခင်း) နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် အမျိုးသားနှင့် ၎င်း၏ဇနီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဓားဖြင့်ထိုးခုတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သလို မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်လည်း အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၇ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ရွာငံမြို့နယ်၊ ယုံတောင်ကျေးရွာနေ ဦးဌေးဝင်း (၆၁) နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ထွေးနု (ခ) မပူကြီး (၄၅) နှစ်တို့ နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင်ဟု ဖော်ပြထားသူ ငါးဦး ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးကို နေအိမ်အနောက်ဘက်ရှိ တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ခေါ်ဆောင်သွားပြီးနောက် လည်ပင်းနှင့် ရင်အုံတို့ကို ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ နိုဝင်ဘာ ၁၇ ရက် ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာနေ ဦးမျိုးသူရအောင် (၃၆) နှစ်သည် ကျုံဖိုက်ကျေးရွာရှိ ၎င်းပိုင်ဒူးရင်းခြံမှ မုဒုံမြို့ဘက်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ မြို့မ (၂) ရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးအနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ဦးမျိုးသူရအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ညနေ ၅ နာရီ ၄၅ မိနစ်တွင် မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

မူရင်းသတင်း — Positive Angle News