Eleven Media Group

မြစ်သားမြို့နယ်တွင် ဘုရားပွဲအတွင်း အမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ခြောက်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိ

မြစ်သားမြို့နယ်တွင် ဘုရားပွဲအတွင်း အမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ခြောက်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ဘုရားပွဲအတွင်း အမျိုးသားနှစ်ဦးက သေနတ်အရှည်ဖြင့် အတွဲလိုက်ပစ်ခတ်မှုကြောင့် ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိမှု နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြစ်သားမြို့နယ်၊ ကျောက်ဆောက်ကျေးရွာ၊ ရွှေမင်းဝန်ဘုရားပွဲအတွင်းတွင် စိစစ်ဆဲ အမျိုးသားနှစ်ဦးရောက်ရှိလာပြီး သေနတ်အရှည်ဖြင့် အတွဲလိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သေနတ်ပစ်ခတ်မှုကြောင့် ဦးလှဝင်း (၆၀ နှစ်) သည် ညာလက်ပြင်ပွင့်ထွက်ဒဏ်ရာနှင့် ညာပေါင်ပွင့်ထွက်ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ မင်းရာဇာဦး (၂၄ နှစ်) သည် ညာဘက်ချိုင်းအောက် ဖောက်ဝင်ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ အောင်မင်းသိန်း (၄၁ နှစ်) သည် ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ၊ ဝဲရင်အုံပေါ် ဖောက်ဝင်ဒဏ်ရာ၊ နောက်ကျောဖောက်ဝင်ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ ထိုက်အောင် (၃၄ နှစ်) သည် ရင်ညွန့်ဖောက်ဝင်ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ ဖြိုးနန္ဒ (၂၂ နှစ်) သည် ရင်ညွန့်အောက် ဖောက်ဝင်ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ အမည် (စိစစ်ဆဲ) အမျိုးသားတစ်ဦးသည်လည်း ညာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာတို့ဖြင့်လည်းကောင်း စုစုပေါင်းခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုတွင် အမျိုးသားငါးဦးလည်း စိုးရိမ်ရသော ပြင်းထန်သည့်ဒဏ်ရာများရရှိသဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

မူရင်းသတင်း — Eleven Media Group