
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်က အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ကိုင်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား လက်နက် ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်အတွင်း အွန်လိုင်း လိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ယမန့်နေ့ နိုဝင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက လိုအပ်သည့် ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် လဲချားမြို့နယ်၊ ဝမ်ဆန့်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၃၄၀၀ ခန့်အကွာ နေရာ၌ လူနေတဲများအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုများလုပ်ကိုင်ရန် တရားမဝင်နယ်စပ် ဖြတ်ကျော် ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦး အား မောင်းပြန်သေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၅ တောင့်၊ လုပ်ငန်း သုံးပစ္စည်းများဖြစ်သည့် StarLink Gen3 ၂ လုံး၊ All in One Computer ၁ လုံး၊ ဖုန်းမျိုးစုံ ၃၇ လုံး၊ Router ၂ ခု၊ Solar Battery ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီး ရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးမှု ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။