
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျောက်ဆောက်ကျေးရွာ ဘုရားပွဲအတွင်း အမျိုးသားနှစ်ဦးမှ သေနတ်ပစ်ခတ်ခဲ့မှုကြောင့် လူ(၆)ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း မြစ်သားမြို့ရှိ ဒေသခံတစ်ဦးမှ NP News သို့ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်)၊ ညပိုင်းက ကျောက်ဆောက်ကျေးရွာ ဘုရားပွဲအတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘုရားပွဲအတွင်းဖြစ်တာဟုတ်တယ်။ အမျိုးသားနှစ်ဦးလို့ပြောတယ်။ PDFတွေလားဆိုတာတော့ ကျွန်တော်တို့ အတိအကျမသိဘူး”ဟု ၎င်းကပြောသည်။
ထိုသို့ ပစ်ခတ်ခဲ့ခြင်းကြောင်း လူ(၆)ယောက်သေဆုံးခဲ့ပြီး အခြားဒဏ်ရာ ရရှိသူများလည်းရှိကာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အကြောင်းအရာများ သိရှိရန်အတွက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။