
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီဘက်မှ တိုက်ကြီးဘက်သို့ မောင်းနှင်လာသော ကားတစ်စီးသည် လမ်းဘေးတွင် ရပ်ထားသည့်ကားကိုဝင်တိုက်မိရာမှ အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၁၈ရက်) က တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းတွင် ဖြစ်ပွားခဲ့ပြီး မှော်ဘီဘက်မှ တိုက်ကြီးသို့ မောင်းလာသောကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသည့် (၆) ဘီးကားကို ဝင်တိုက်မိရာမှ အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မှော်ဘီကနေ တိုက်ကြီးကို မောင်းလာတဲ့ကားက အရှိန်မထိန်းနိုင်ဘဲနဲ့ လမ်းဘေးမှာ ရပ်ထားတဲ့ (၆) ဘီးကားကို နောက်ကနေ ဝင်တိုက်တာ။ (၆) ဘီးကား အုတ်ကားကို ဝင်တိုက်တာ။ ဝင်တိုက်တဲ့ကားပေါ်က ယာဉ်မောင်း သေဆုံးတယ်။ ပြီးတော့ အဲဒီကားကပဲ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ပြီးတော့ အတိုက်ခံရတဲ့ကားဘေးမှာရပ်နေတဲ့ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရတယ်။ သူလည်း မစိုးရိမ်ရဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ သေဆုံးသူ အမျိုးသားမှာ အသက် (၃၅) နှစ်ဖြစ်ပြီး နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းမှ ယာဉ်ဖြင့် တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။