
(ပြည်တွင်း) နိုဝင်ဘာ ၁၉
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၄၀/၀ နှင့် ၃၄၀/၁ ကြားတွင် ရွှေမြစ်ဆုံခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ အကာအရံများကို ဝင်တိုက်ကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့သော်လည်း ယာဉ်ပေါ်ပါ ခရီးသည် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက် နံနက် ၅ နာရီကျော်ခန့်က ရန်ကုန်မှ မန္တလေးသို့ သွားသည့် အမြန်လမ်းအသွားလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၅ ဦး လိုက်ပါလာသည့် ယာဉ်အမှတ် 5Q-7667 SCANIA အမျိုးအစား ရွှေမြစ်ဆုံ အဖြူကြား ခရီးသည်တင်ယာဉ်သည် မိုင်တိုင် ၃၄၀/၀-၁ ကြားအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် တပ်ဆင်ထားသည့် အကာအရံများကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့ပြီး လမ်းလယ်ကျွန်းရှိ အကာအရံအချို့ ပျက်စီးခဲ့သော်လည်း ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီး အသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် ခရီးမစတင်မီ ယာဉ်ကြံ့ခိုင်မှုကို သေချာစစ်ဆေးရန်၊ ယာဉ်ပေါ်ပါသူအားလုံး ထိုင်ခုံခါးပတ်ပတ်ရန်၊ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းမပြုရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။
သတ်မှတ်အမြန်နှုန်းများအနေဖြင့် မှန်လုံခရီးသည်တင်ယာဉ်ကြီးများကို တစ်နာရီလျှင် ၉၀ ကီလိုမီတာ၊ လူစီးယာဉ်ငယ်များကို တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနှင့် ကုန်တင်ယာဉ်၊ ပစ်ကပ်ယာဉ်များကို တစ်နာရီလျှင် ၆၀ ကီလိုမီတာနှုန်းအောက် မောင်းနှင်ကြရန် အသိပေးထားကြောင်း သိရသည်။