
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား(၂၃)ဦးကို လုပ်ငန်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ကလိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ယမန်နေ့(အောက်တိုဘာ ၁၈ ရက်)က လဲချားမြို့နယ် ဝမ်ဆန့်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၃၄၀၀) ခန့်အကွာနေရာ၌ အလျားပေ (၇၀) ၊ အနံ ပေ (၂၀) ရှိ အလုပ်ရုံတွဲလျက် ယာယီလူနေတဲ တစ်လုံးနှင့် အလျား ပေ (၂၀) ၊ အနံ (၁၅) ပေရှိ စားချက်ဆောင်တစ်လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ရန် နိုင်ငံအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အမျိုးသား (၂၃) ဦးအား မောင်းပြန်သေနတ် (၃)လက်၊ ကျည်အိမ်(၁)ခု၊ ကျည် (၁၅) တောင့်၊ လုပ်ငန်းသုံးပစ္စည်းများ ဖြစ်သည့် StarLink Gen3 (၂)လုံး၊ All in One Computer (၁)လုံး၊ ဖုန်းမျိုးစုံ (၃၇) လုံး၊ Router (၂)ခု၊ Solar Battery (၁)ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးမှုပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စုံစမ်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။