
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကမ္ဘာလှည့်ခရီးသည်တစ်ဦး ဟိုတယ် ၇ လွှာကနေ ပြုတ်ကျခဲ့ပေမဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက ချွန်ဘူရီပြည်နယ်၊ ဘန်လမွန်ခရိုင်၊ နောင်ပရူးရပ်ကွက်ထဲမှ ဟိုတယ်မှာ ၇ လွှာ ဝရန်တာကနေ လူတစ်ဦး ပြုတ်ကျတယ်ဆိုတဲ့ အကြောင်းကြားမှုအရ ကယ်ဆယ်ရေးဝန်ထမ်းတွေ သွားရောက်ခဲ့ပြီး နော်ဝေနိုင်ငံသား ကာတိုလာဆန်ကို ဟိုတယ်အနောက်ဘက်နံရံနဲ့ ချုံပုတ်ကြားမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းက ၇ လွှာမှာ စကားများ ရန်ဖြစ်သံတွေ ကြားရတယ်လို့ အခြားဧည့်သည်တွေက လာပြောကြကြောင်း၊ အသံတွေ ငြိမ်သွားပြီး သိပ်မကြာခင်မှာ အခုလို ပြုတ်ကျလာတာဖြစ်တယ်လို့ ဟိုတယ်လုံခြုံရေးဝန်ထမ်းက ဆိုပါတယ်။
သူဟာ အရက်မူးနေပုံရပြီး ကယ်ဆယ်ရေး လုပ်ပေးတာကိုလည်း လက်မခံဘဲ ရုန်းကန် အော်ဟစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ပတ်ဝန်းကျင်မှ လူတွေက ဝိုင်းဝန်းနားချပြီး ဆေးရုံ ပို့ဆောင်ပေးခဲ့ကြပါတယ်။
အသက်ဘေးမှ လွတ်မြောက်ခဲ့ပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတွင်းဒဏ်ရာတွေ ရထားနိုင်တာကြောင့် အသေးစိတ် ဆေးစစ်မှုတွေလုပ်ဖို့ လိုအပ်တယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ကတော့ ကာတိုလာဆန် ပြုတ်ကျခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဇနီးဖြစ်သူကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်လျက် ရှိပါတယ်။
Ref: Norwegian tourist survives 7-storey fall at Pattaya hotel
NZ (ရိုးရာလေး)