Eleven Media Group

■ လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ပါက ငါးနှစ်အတွင်း လျှပ်စစ်ဓာတ်အား မဂါဝပ် ငါးထောင်ကျော် ထုတ်လုပ်နိုင်ရန် စီစဉ်နေသည်ဟု နိုင်ငံတော်သမ္မတပြောကြား

■ ကြီးမားသည့် ဓာတ်ငွေ့သိုက်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဓာတ်ငွေ့သိုက်တစ်ခုကို ထားဝယ်ဒေသတွင် တွေ့ရှိထား

လျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ပါက ငါးနှစ်အတွင်း လျှပ်စစ်ဓာတ်အား မဂါဝပ် ငါးထောင်ကျော် ထုတ်လုပ်နိုင်ရန် စီစဉ်နေသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်၏ မူဝါဒများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

" ရန်ကုန်နဲ့အောက်ပိုင်းဆိုရင် လျှပ်စစ်ဓာတ်အားတော်တော်လေးအခက်အခဲဖြစ်ပါတယ်။ ရန်ကုန်နဲ့ ပတ်ဝန်းကျင်မှာပဲ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ထုတ်လို့ရတဲ့ လျှပ်စစ်ဓာတ်အား၊ ဂက်စ်နဲ့ ထုတ်လို့ရတဲ့ လျှပ်စစ်ဓာတ်အား၊ ကျောက်မီးသွေးနဲ့ ထုတ်လို့ရတဲ့ လျှပ်စစ်ဓာတ်အား စက်ရုံတွေ ဆောက်လုပ်ဖို့ စီမံနေပါတယ်။ကျွန်တော်တို့ ငါးနှစ်အတွင်းမှာ မဂါဝပ် ငါးထောင်ကျော်လောက်ထုတ်ဖို့ စီမံထားပါတယ်။ ပြည့်နိုင်တဲ့ အနေအထားက အများစုဖြစ်ပါတယ်။ ဥပမာ ဆိုလာနဲ့က ၂၃၅၆ မဂါဝပ်ရှိပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းက ၅၀၇ မဂါဝပ်ရှိပါတယ်။ လေအားလျှပ်စစ်စီမံကိန်းက ၃၀၀ မဂါဝပ်ရှိပါတယ်။ နောက် နှစ် ၂၀ လောက်အထိ သုံးဖို့ ရည်မှန်းပြီးတော့မှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ မဂါဝပ် နှစ်ထောင်လောက်အထိ ဖြစ်ပါလိမ့်မယ်။ နောက်တခါ မဂါဝပ် ၆၈၀ လောက်ရှိတဲ့ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ဆောက်ဖို့ စီမံနေကြောင်း အသိပေးလိုပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် နေစွမ်းအင်ကို အသုံးပြုပြီး ဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် တိုင်းရင်းသားလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ကြောင်း၊ ဂက်စ်မှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံများတွင်လည်း စက်စွမ်းအားများမြှင့်တင်ပေးနိုင်ရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

" မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းက ရက်ပေါင်း ၃၀၀ လောက်နေပူပါတယ်။ ရက်ပေါင်း ၅၀ လောက်ပဲ ဒီမှာ အညာမှာ မန္တလေးတို့ မကွေးတို့မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကိုယ်စားလှယ်တော်ကြီးများ ရှိပါတယ်။ မိုးရွာရက်က ရက်ပေါင်း ၅၀ ထက် မပိုပါဘူး။ တစ်နှစ်မှာ ရက်ပေါင်း ၃၀၀ လောက် နေသာပါတယ်။ ဒါကြောင့် ဒီနေကိုအသုံးချပြီးတော့ ဆိုလာနည်းကိုသုံးကြဖို့ ကျွန်တော်တို့တွန်းအားပေးနေပါတယ်။ သို့သော်လည်းပဲ ဘဏ္ဍာငွေအခက်အခဲ ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့အပြည့်အဝမလုပ်နိုင်ပါဘူး။ ဒါကြောင့် ဒီမှာ တကယ်လို့များ ရင်းနှီးမြှုပ်နှံမယ့် တိုင်းရင်းသားလုပ်ငန်းရှင်တွေရှိမယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

အလားတူ ဧရာဝတီတိုင်းနှင့် ထားဝယ်ဒေသတွင်လည်း သဘာဝဓာတ်ငွေ့သိုက် နှစ်ခုကို တွေ့ရှိထားကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

" အလားတူစွာပဲ မြန်မာနိုင်ငံရဲ့ ကံလို့ပြောရမှာပေါ့။ ကျွန်တော်တို့ ဧရာဝတီတိုင်းရဲ့ အနောက်တောင်ဘက်မှာ A6 ဆိုတဲ့ အကွက်တစ်ကွက်ရှိပါတယ်။ A6 ပေါ့။ အဲဒီမှာ ၈ ဒသမ ၄ ထရီလျံကုဗပေရှိတဲ့ ဓာတ်ငွေ့သိုက် ကျွန်တော်တို့တွေ့ပါတယ်။ နောက်တစ်ခါ M15။ အဲဒါကတော့ ထားဝယ်နဲ့ မြိတ်ရဲ့ အနောက်ဖက်ခြမ်း လောက်မှာ ရှိပါတယ်။ အဲဒီမှာကတော့ ၉၄ ဒသမ ၆ ထရီလျံ ကုဗပေရှိတဲ့ ဓာတ်ငွေ့သိုက်တစ်ခု ကျွန်တော်တို့ ထပ်တွေ့ပါတယ်။ ဒီဟာက ကမ္ဘာမှာ ကြီးမားတဲ့ ဓာတ်ငွေ့သိုက်တစ်ခုထဲမှာပါပါတယ်။ ဒါတွေကို ၂၀၂၈ လောက်မှာ စတင်ပြီးထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ဆိုလာ၊ ရေအား၊ နေအား၊ လေအား၊ ကျောက်မီးသွေး၊ ဓာတ်ငွေ့ အစရှိသည့် လျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်နိုင်မည်ဆိုပါက မဂါဝပ် ၅၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group