Myanmar Transparency News

နာဇီခေတ် နောက်ခံသမိုင်းကြောင်းဖြင့် ပိုင်ဆိုင်မှု အငြင်းပွားမှုအပြီး ဗန်ဂိုး၏ ပန်းချီကား စံချိန်တင် ဒေါ်လာ ၁၉၀ ဒသမ ၄ သန်းဖြင့် လေလံတင် ရောင်းချ

သက်တံ့
၁၉. ၁၁. ၂၀၂၆

နာမည်ကျော် ပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုး (Vincent van Gogh) ၏ ပန်းချီကားတစ်ချပ်ကို ဆိုသဘီ (Sotheby’s) လေလံဌာနက စံချိန်တင်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၉၀ ဒသမ ၄ သန်း (ပေါင် ၁၄၄ ဒသမ ၈ သန်း) ဖြင့် လေလံတင် ရောင်းချနိုင်ခဲ့သည်။

“Châtaigniers en fleurs” (ပွင့်ဖူးနေသော သစ်အယ်ပင်များ (Blossoming Chestnut Trees)) ဟု အမည်ရသည့် အဆိုပါ ပန်းချီကား ရောင်းချနိုင်မှုသည် ၂၀၂၂ ခုနှစ်က တင်ရှိထားခဲ့သည့် ဗန်ဂိုးလက်ရာများ၏ ယခင်လေလံစံချိန် ဒေါ်လာ ၁၁၇ ဒသမ ၂ သန်းကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဂျာမနီနာဇီတို့ အာဏာရလာချိန်အတွင်း အဆိုပါအနုပညာလက်ရာကို အကျပ်ကိုင်ဖိအားပေးမှုအောက်၌ ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုမှုများနှင့် ပတ်သက်သည့် အငြင်းပွားမှုကို နောက်ဆုံးအချိန်ကျမှ သဘောတူညီချက် ရယူဖြေရှင်းနိုင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့တွင် ယခုကဲ့သို့ သမိုင်းဝင် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။

“Châtaigniers en fleurs” ပန်းချီကားကို ၁၈၉၀ ပြည့်နှစ်၊ ဗန်ဂိုး မကွယ်လွန်မီ နောက်ဆုံး နှစ်လအတွင်း ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းကာလအတွင်း ရေးဆွဲခဲ့သည့် လက်ရာများအနက် ပုဂ္ဂလိကပိုင်အဖြစ် ကျန်ရှိနေသေးသော အရေးအပါဆုံး အနုပညာလက်ရာတစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း ဆိုသဘီ လေလံဌာနက ဆိုသည်။

ပန်းချီကားကို မည်သူက ဝယ်ယူသွားသည်ကိုမူ လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယင်းကိစ္စနှင့် ပတ်သက်၍ BBC က ဆိုသဘီ လေလံဌာနသို့ ဆက်သွယ်မေးမြန်းထားသည်။

လေလံမတင်မီက ဒေါ်လာ သန်း ၁၈၀ (ပေါင် ၁၃၆ သန်း) ခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းထားသည့် အဆိုပါ ဆီဆေးပန်းချီကားကို “Blaquier-Arrieta Collection” အမည်ရှိ စုဆောင်းမှုအစုအဝေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် လေလံတင်ခဲ့ခြင်း ဖြစ်သည်။

ပန်းချီကား၏ ယခင်ဂျာမန်ပိုင်ရှင်ဟောင်းများဖြစ်သည့် ဖစ်ရှာ (Fischer) မိသားစု၏ အမွေဆက်ခံသူများနှင့် လက်ရှိပိုင်ရှင် Blaquier-Arrieta မိသားစုတို့အကြား ပန်းချီကားရောင်းချမှုနှင့် ပတ်သက်သည့် အငြင်းပွားမှုကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း လေလံပွဲမစတင်မီ နာရီပိုင်းအလိုတွင် ဆိုသဘီက ကြေညာခဲ့သည်။

ဖစ်ရှာမိသားစု၏ အမွေဆက်ခံသူများကိုယ်စား ဆောင်ရွက်ပေးသူများက နာဇီတို့ အာဏာရလာစဉ် ကာလအတွင်း ယင်းပန်းချီကားကို မလွှဲမရှောင်သာ ဖိအားပေးမှုအောက်၌ ရောင်းချခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြသည်။ ဖစ်ရှာမိသားစု၏ စာအုပ်ထုတ်ဝေရေးလုပ်ငန်းမှာ နာဇီတို့လက်အောက်တွင် ငွေကြေးအရှုံးပေါ်ခဲ့ရသဖြင့် ဒုတိယကမ္ဘာစစ် မတိုင်မီက အမ်စတာဒမ်မြို့၌ ယင်းပန်းချီကားကို ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ရှေ့နေက ဆိုသဘီထံ စာရေးသား အကြောင်းကြားခဲ့သည်ဟု သိရသည်။ အဆိုပါ ရှေ့နေထံသို့လည်း BBC က မှတ်ချက်ပေးရန် ဆက်သွယ်ထားသည်။

“ပန်းချီကားရဲ့ ရှုပ်ထွေးတဲ့ နာဇီခေတ် နောက်ခံသမိုင်းကြောင်းနဲ့ ဟိုလိုကော့စ် (Holocaust) လူမျိုးတုံးသတ်ဖြတ်မှု ကာလအတွင်း ဖစ်ရှာမိသားစု ခံစားခဲ့ရတဲ့ ဒုက္ခတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မိသားစုနှစ်စုအကြား နှစ်ဦးနှစ်ဖက် ကျေနပ်လက်ခံနိုင်တဲ့ ဖြေရှင်းမှုတစ်ခု ရရှိခဲ့ပြီး သဘောတူညီချက်အတိုင်း ပန်းချီကားကို ရောင်းချသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသဘီ လေလံဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဆိုသဘီ၏ ဝက်ဘ်ဆိုက်တွင် ယင်းဆီဆေးပန်းချီကား၏ မူလဇာစ်မြစ်နှင့် ၁၈၉၀ ပြည့်နှစ်မှစ၍ ပိုင်ရှင်အဆင့်ဆင့် လက်ပြောင်းခဲ့ပုံကို စူးစမ်းလေ့လာထားမှုများအား အသေးစိတ် ဖော်ပြထားသည်။ ယင်းဖော်ပြချက်အရ နာမည်ကျော် ဂျာမန်ထုတ်ဝေသူ ဆမ်မြူရယ် ဖစ်ရှာ (Samuel Fischer) က ၁၉၀၉ ခုနှစ်တွင် ယင်းပန်းချီကားကို ဝယ်ယူရရှိခဲ့ပြီး ၁၉၃၄ ခုနှစ် ၎င်းကွယ်လွန်ပြီးနောက် မိသားစုထံ ဆက်လက်လက်ဆင့်ကမ်း အမွေပေးခဲ့သည်။

ထို့နောက် ၁၉၃၂ သို့မဟုတ် ၁၉၃၃ ခုနှစ်တွင် အမ်စတာဒမ်မြို့ရှိ ပေါလ် ကက်ဆီရာ (Paul Cassirer) ထံ အပ်နှံထားခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် ပါရီမြို့ရှိ ဟင်နရီယက်နှင့် မာဆယ် ကပ်ဖာရာ (Henriette and Marcel Kapferer) တို့ထံ ရောက်ရှိသွားခဲ့ကြောင်း ဆိုသဘီက ဆိုသည်။ ယင်းနောက်ပိုင်းတွင် အခြားပိုင်ရှင် လေးဦးထံ အဆင့်ဆင့် ရောက်ရှိခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် Blaquier မိသားစုက ဝယ်ယူရရှိခဲ့ကာ ယခုလေလံတင် မရောင်းချမီအထိ ရာစုနှစ်ဝက်ကျော်ကြာ ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။

Ref: BBC

မူရင်းသတင်း — Myanmar Transparency News