
#Local_News
Published 19 November 2026
■ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်အသုံးပြုနိုင်ရေးအတွက် ရေး-ထားဝယ် ပင်လယ်ကမ်းရိုးတန်းအတိုင်း ရထားလမ်းသစ်ဖောက်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
■ ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က
မိန့်ခွန်းပြောကြားရာတွင်အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ ထိုသို့ပြောကြားရာတွင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည်လည်း အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ မော်တော်ယာဉ်များ မည်မျှကောင်းမွန်နေသည်ဖြစ်စေ လမ်းများကောင်းမွန်မှုမရှိပါက အရှိန်လျှော့မောင်းနှင်နေရမည်ဖြစ်သကဲ့သို့ ရထားလမ်းများ မကောင်းပါကလည်း သတ်မှတ်အရှိန်အတိုင်း မောင်းနှင်၍ရနိုင်မည်မဟုတ်ကြောင်း၊ ရထားလမ်းများနှင့် အခြေခံအဆောက်အအုံများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အဆင့်မြှင့်တင်ရန်လိုပြီး ရထားလမ်းများတွင် ကျောက်များဖြည့်တင်းခြင်း၊ ဇလီဖားတုံးများ စနစ်တကျတပ်ဆင်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းတို့သည် ရထားပြေးဆွဲမှုဘေးကင်းလုံခြုံရေးနှင့် အမြန်နှုန်းမြှင့်တင်နိုင်ရေးတို့အတွက် အရေးကြီးကြောင်း။
■ ရန်ကုန်-မန္တလေး ရထားလမ်းအပါအဝင် ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် မော်လမြိုင်-ရေး ရထားလမ်းများကို အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားလမ်းတစ်လျှောက်ရှိ တံတားများ၏ ခံနိုင်ရည်စွမ်းအားကိုလည်း မြှင့်တင်ရန်လိုအပ်ကြောင်း၊ ရထားများကို တစ်နာရီလျှင် ကီလိုမီတာ ၇၀ မှ ၈၀ ခန့်အထိ အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်ရေးအတွက် တံတားများသည် သတ်မှတ်ထားသည့် ဖိအားနှင့်တုန်ခါမှုဒဏ်ကို ခံနိုင်ရည်ရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လက်ရှိတံတားများကို စစ်ဆေးပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ရထားနှစ်စင်း တစ်လမ်းတည်းတွင် အပြန်အလှန်ဖြတ်သန်းရာ၌ ဖြစ်ပေါ်နိုင်သည့်အန္တရာယ်များကို လျှော့ချနိုင်ရေးအတွက် နှစ်လမ်းသွားရထားလမ်း ဒွေးလမ်းများဖော်ဆောင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်အသုံးပြုနိုင်ရေးအတွက် ရေး-ထားဝယ် ပင်လယ်ကမ်းရိုးတန်းအတိုင်း ရထားလမ်းသစ်ဖောက်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းအကောင်အထည်ဖော်နိုင်မည်ဆိုပါက ထားဝယ်ဒေသနှင့် ဆက်စပ်ဒေသများအကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သကဲ့သို့ ကုန်စည်စီးဆင်းမှုနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်းပြောကြားသည်။
■ ထို့အပြင် မြန်မာ့မီးရထားလုပ်ငန်းသည် နှစ်ပေါင်း ၁၅၀ နီးပါး သက်တမ်းရှိလာပြီဖြစ်သော်လည်း ရထားပို့ဆောင်ရေးဆိုင်ရာအရည်အသွေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့၌ လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း၊ ယခင်ကပြည်ပနိုင်ငံများမှ ရထားတွဲများ ဝယ်ယူတင်သွင်းအသုံးပြုခဲ့ရသော်လည်း ပြည်တွင်း၌ ရထားတွဲတည်ဆောက်ထုတ်လုပ်နိုင်သည့် စက်ရုံနှင့်အခြေခံစွမ်းဆောင်ရည်များရှိနေသဖြင့် ပြည်တွင်းအင်ဂျင်နီယာများ၏ နည်းပညာစွမ်းရည်ကိုအသုံးချ၍ ရထားတွဲများကို ပြည်တွင်း၌ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏နည်းပညာစွမ်းရည် တိုးတက်လာစေရုံသာမက နိုင်ငံခြားငွေသုံးစွဲမှုကိုလည်းလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်းကို မြန်မာ့မီးရထားပို့ဆောင်ရေးသိပ္ပံ (Government Railway Institute) အဖြစ်အဆင့်မြှင့်တင်၍ သုံးနှစ်သင်တန်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသင်တန်းမှတစ်ဆင့် ရထားလမ်းဆိုင်ရာ နည်းပညာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာနှင့် အုပ်ချုပ်မှုဆိုင်ရာပညာရပ်များတွင် ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ထားကြောင်း၊ မြန်မာ့မီးရထားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များနှင့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးခြင်းအပြင် သုတေသနလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရထားလမ်း၊ ရထားတွဲ၊ စက်ခေါင်းနှင့် ပို့ဆောင်ရေးစနစ်များဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရထားသုတေသနဌာနတစ်ခု ဖွင့်လှစ်ရန်စီစဉ်ထားပြီး ယင်းဌာနမှတစ်ဆင့် ရထားပို့ဆောင်ရေးဆိုင်ရာ နည်းပညာနှင့်လုပ်ငန်းစဉ်များကို လေ့လာသုတေသနပြု၍ လိုအပ်သည့်တိုးတက်ပြောင်းလဲမှုများကို အကောင်အထည်ဖော်နိုင်ရန်ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
#YMG/NN #Yangon_Times