NP News

ဂျန်ဆန်ဟွမ် နုတ်ထွက်သွားပြီးနောက် NVIDIA အနာဂတ် ဘယ်လိုဖြစ်လာနိုင်သလဲ (နိုင်ငံတကာရေးရာ ဆောင်းပါး)

ဂျန်ဇက်(NP News)-နိုဝင်ဘာ ၁၉
လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာ AI လုပ်ငန်းတစ်ခုလုံးရဲ့ အဓိကအင်ဂျင်ကြီး ဖြစ်သလိုOpenAI၊ Microsoft၊ Google၊ Amazon၊ Meta စတဲ့ နည်းပညာကုမ္ပဏီကြီးတွေ AI လုပ်ငန်းတွေ တိုးချဲ့ဖို့အတွက် အလွန်အမင်းလိုအပ်နေတဲ့ GPU ချစ်ပ်တွေကို ထုတ်လုပ်ပေးနေတဲ့ NVIDIA ဟာ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာတော့ မထင်မှတ်ထားတဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီးကုမ္ပဏီကို နှစ်ပေါင်း ၃၃ နှစ်နီးပါး ဦးဆောင်ခဲ့တဲ့ ဂျန်ဆန်ဟွမ် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဂျန်ဆန်ဟွမ်ဟာ ကမ္ဘာ့နည်းပညာညီလာခံတွေမှာ AI ရဲ့အနာဂတ်ကို ဟောပြောလေ့ရှိတဲ့ ထင်ရှားသူတစ်ဦးလည်းဖြစ်ပြီး ကမ္ဘာ့နည်းပညာအင်ပါယာကြီးတစ်ခုကို တည်ဆောက်ခဲ့သူကတော့ NVIDIA ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ဂျန်ဆန်ဟွမ် နုတ်ထွက်သွားတဲ့ သတင်းထွက်ပေါ်လာပြီးနောက် NVIDIA ရဲ့ရှယ်ယာတွေ အကြီးအကျယ် ထိခိုက်ခဲ့သလို AI နည်းပညာနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးကွက်မှာပါ လှုပ်ခတ်မှုတွေ ဖြစ်လာပါတယ်။ဂျန်ဆန်ဟွမ်ဟာ ဘာကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရသလဲဆိုတဲ့အချက်အပြင် သူနဲ့ ဆက်နွှယ်နေတဲ့ တရုတ်ထောက်လှမ်းရေးလို့သံသယရှိသူဆိုတဲ့ အမျိုးသမီးကိစ္စက ဘယ်လိပေါ်ပေါက်လာသလဲဆိုတဲ့ အချက်တွေက လူအများ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ဒါအပြင်
အမေရိကန်နိုင်ငံရေး၊ တရုတ်နိုင်ငံနဲ့ AI ချစ်ပ်နည်းပညာပြိုင်ဆိုင်မှုတွေက ဂျန်ဆန်ဟွမ်
အရှုပ်တော်ပုံနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတဲ့ အချက်အပြင် NVIDIA ရဲ့ရှယ်ယာဈေးတွေ ကျဆင်းလာတာဟာ CEO တစ်ဦး နုတ်ထွက်သွားလို့ပဲလား။ ဒါမှမဟုတ် AI စီးပွားရေးလုပ်ငန်းတစ်ခုလုံးမှာ အရင်က မမြင်ခဲ့ရတဲ့ အားနည်းချက်တွေ ပေါ်ထွက်လာတာလားစတဲ့ မေးခွန်းတွေလည်း အမျိုးမျိုးထွက်ပေါနေပါတယ်။ဂျန်ဆန်ဟွမ်ရဲ့ အမည်အပြည့်အစုံက Jen-Hsun Huang ဖြစ်ပြီး ၁၉၆၃ ခုနှစ်က တရုတ်တိုင်ပေမှာ မွေးဖွားခဲ့သူဖြစ်ကာငယ်စဉ်ဘဝမှာ မိသားစုနဲ့အတူ အမေရိကန်ကို ပြောင်းရွှေ့အခြေချခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။သူဟာ Oregon State University မှာ လျှပ်စစ်အင်ဂျင်နီယာပညာကို သင်ယူခဲ့ပြီး Stanford University မှာလည်း မဟာဘွဲ့ရရှိခဲ့ကာ၁၉၉၃ ခုနှစ်မှာ Chris Malachowsky နဲ့ Curtis Priem တို့နဲ့အတူ NVIDIA ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ NVIDIAကို စတင် တည်ထောင်ချိန်ကကွန်ပျူတာတွေမှာ ဂရပ်ဖစ်ပုံရိပ်တွေကို ပိုမိုကောင်းမွန်မြန်ဆန်စွာ ဖော်ပြနိုင်ဖို့ အဓိကရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့ ဂျန်ဆန်ဟွမ်ရဲ့ အမြင်က သာမန် Graphic Card ထုတ်လုပ်ရေးထက် ပိုမိုကျယ်ပြန့်ခဲ့ပြီးGPU တွေကို ဂိမ်းကစားဖို့အတွက်သာမက သိပ္ပံပညာ၊ သုတေသနနဲ့ ရှုပ်ထွေးတဲ့ တွက်ချက်မှုလုပ်ငန်းတွေမှာပါ အသုံးပြုနိုင်မယ်လို့ မြင်ခဲ့ပါတယ်။ ဂျန်ဆန်ဟွမ်ရဲ့အဲဒီအမြင်ဟာ NVIDIA ရဲ့ အနာဂတ်ကို ပြောင်းလဲစေခဲ့တဲ့ အဓိကအချက်တစ်ခု ဖြစ်လာစေခဲ့ပြီး၂၀၀၆ ခုနှစ်မှာ CUDA နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။CUDA ဟာ GPU တွေကို ဂရပ်ဖစ်တွက်ချက်မှုတင်မကဘဲ အထွေထွေတွက်ချက်မှုလုပ်ငန်းတွေမှာပါ အသုံးပြုနိုင်အောင် လုပ်ပေးတဲ့ နည်းပညာပလက်ဖောင်းဖြစ်ပါတယ်။အဲဒီနည်းပညာကြောင့် NVIDIA ဟာ ချစ်ပ်တစ်ခုထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီအဆင့်ကနေ Software၊ Developer Ecosystem နဲ့ Computing Platform တွေကိုပါ ပိုင်ဆိုင်တဲ့ ကုမ္ပဏီကြီး ဖြစ်လာပါတယ်။နောက်ပိုင်းမှာ AI နည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့အခါ CUDA နဲ့ NVIDIA GPU တွေဟာ AI Model တွေကို သင်ကြားပေးဖို့ အလွန်အရေးကြီးလာခဲ့ပြီးGenerative AI တွေ လူသိများလာချိန်မှာ NVIDIA ဟာ အဓိကအကျိုးအမြတ်ရရှိသူ ဖြစ်လာခဲ့တယ်လို သိရပါတယ်။ဒါကြောင့် ဂျန်ဆန်ဟွမ်ကို သာမန် CEO တစ်ယောက်လို့ပဲ ပြောလို့မရဘဲ ကမ္ဘာ့ AI စီးပွားရေးတည်ဆောက်မှုမှာ အရေးပါဆုံးသူတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ဒီလိုလူတစ်ယောက် ရာထူးကနေ ရုတ်တရက်ထွက်ခွာသွားတာကြောင့် စတော့ရှယ်ယာဈေးကွက်က အလွန်အမင်း တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ဒီလုမျိုးအောင်မြင်မှုတွေ သရဖူဆောင်းခဲ့တဲ့NVIDIA ရဲ့ CEO ရာထူးကနေ ဂျန်ဆန်ဟွမ် ဘာကြောင့် ထွက်ခွာခဲ့ရသလဲဆိုတာ လုမူကွန်ရက်သုံးစွဲသူတွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွင်း အမေရိကန်မီဒီယာတွေမှာ ဂျန်ဆန်ဟွမ်ရဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီးအဲဒီသတင်းတွေအရ သူဟာ Alice Huang လို့ အမည်ဖော်ပြထားတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ရေးပြင်ပ ဆက်ဆံရေးရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့တာပါ။အဲဒီ အဲလစ်ဟွမ် အမည်ရှိတဲ့ အမျိုးသမီးဟာ NVIDIA CEO ဂျန်ဆန်ဟွမ်နဲ့ ဆွေမျိုးတော်စပ်သူ မဟုတ်ဘူးလို့ သတင်းတွေမှာ ဖော်ပြထားသလိုအမေရိကန်ထောက်လှမ်းရေးဘက်ကလည်း အဲဒီအမျိုးသမီးဟာ တရုတ်ထောက်လှမ်းရေးနဲ့ ဆက်နွှယ်မှုရှိနိုင်သူလို့ သံသယရှိခဲ့ကြောင်းလည်း ဝါရှင်တန် နဲ့ အခြားမီဒီယာတွေက ဖော်ပြထားပါတယ်။
သတင်းတွေအရ ဂျန်ဆန်ဟွမ်ဟာ အဲဒီအမျိုးသမီးနဲ့ ဆက်ဆံရေးရှိခဲ့ကြောင်း ဝန်ခံခဲ့ပြီးအခြား တစ်ဖက်မှာတော့ အမေရိကန်ဘက်က သူမရဲ့ နောက်ခံနဲ့ ဆက်သွယ်မှုတွေကို စိုးရိမ်ခဲ့ကြတဲ့အတွက်
ဒီကိစ္စဟာ လူတစ်ဦးရဲ့ အိမ်ထောင်ရေးပြဿနာတစ်ခုအဖြစ်သာ ရပ်တန့်မနေခဲ့ဘဲ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ NVIDIA ဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အဆင့်မြင့် AI ချစ်ပ်တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးဖြစ်နေရာ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ AI ချစ်ပ်နည်းပညာပိုင်ဆိုင်မှုအတွက် အားပြိုင်နေတဲ့အချိန် မှာ ဂျန်ဆန်ဟွမ်ရဲ့ အရှုပ်တော်ပုံ ဖြစ်လာခဲ့တာပါ။ဒါကြောင့် CEO တစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ မေးခွန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်ဒါအပြင် New York Times နဲ့ အခြားသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဂျန်ဆန်ဟွမ်ဟာအဲလစ်ဟွမ် အပြင် သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ NVIDIA ဝန်ထမ်းအမျိုးသမီးတစ်ဦးနဲ့လည်း အိမ်ထောင်ရေးပြင်ပ ဆက်ဆံရေးရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ ကုမ္ပဏီဒါရိုက်တာအဖွဲ့အနေနဲ့ CEO ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို လျစ်လျူရှုထားလို့ မရတော့ဘဲ စုံစမ်းစစ်ဆေးမှု တွေ လုပ်ဆောင်လာခဲ့ပါတယ်။အကြောင်းကတော့ CEO တစ်ဦးရဲ့ အပြုအမူဟာ ကုမ္ပဏီရဲ့ အုပ်ချုပ်မှုစနစ်၊ လုပ်ငန်းခွင်ကျင့်ဝတ်၊ အကျိုးစီးပွားပဋိပက္ခနဲ့ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။နိုဝင်ဘာလ ၁၁ ရက်မှာ NVIDIAရဲ့ ဒါရိုက်တာအဖွဲ့က ဂျန်ဆန်ဟွမ်ရဲ့ နုတ်ထွက်မှုကို လက်ခံခဲ့ပြီး နောက်တစ်နေ့မှာ တရားဝင်အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့် သူ့ရဲ့နုတ်ထွက်မှုဟာ ရိုးရိုးနုတ်ထွက်တာမျိုးမဟုတ်ဘဲ ကုမ္ပဏီအုပ်ချုပ်မှုအကျပ်အတည်းတစ်ခုနဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။ဂျန်ဆန်ဟွမ်ရဲ့ အရှုပ်တော်ပုံဟာအမျိုးသမီးတစ်ဦးနဲ့ ဆက်နွှယ်နေတဲ့ သာမန်အရှုပ်တော်ပုံတစ်ခုလို့ ဆိုလို့မရဘဲ နောက်ခံအကြောင်းအရင်းများစွာရှိနေကာ အထူးးသဖြင့်အဓိကနောက်ခံအကြောင်းအရာကတော့ အမေရိကန်နဲ့ တရုတ်ကြား နည်းပညာပြိုင်ဆိုင်မှု ဖြစ်ပါတယ်။လက်ရှိအချိန်မှာ AI ဆိုတာ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်တဲ့ နည်းပညာတစ်ခုတင်မကတော့ဘဲစစ်ရေးနည်းပညာ၊ ထောက်လှမ်းရေး၊ ဆိုက်ဘာလုံခြုံရေး၊ စက်မှုထုတ်လုပ်ရေးနဲ့ နိုင်ငံတော်လုံခြုံရေးအထိ သက်ရောက်မှုရှိလာပါတယ်။AI Model တစ်ခုကို အဆင့်မြင့်အောင် သင်ကြားဖို့ GPU တွေ၊ Data Center တွေနဲ့ အလွန်ကြီးမားတဲ့ Computing Power တွေ လိုအပ်ပါတယ်။အဲဒီအတွက် NVIDIA ရဲ့ ချစ်ပ်တွေဟာ အမေရိကန်ရဲ့ နည်းပညာအသာစီးရရှိရေးမှာ အရေးပါလာခဲ့ပါတယ်။အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ နည်းပညာစွမ်းရည် တိုးတက်လာမှာကို စိုးရိမ်ပြီး အဆင့်မြင့် Semiconductor တွေ တင်ပို့မှုကို ကန့်သတ်လာခဲ့ပါတယ်။ဒါပေမယ့် ဂျန်ဆန်ဟွမ်ရဲ့ သဘောထားက တရုတ်ဈေးကွက်ကို လုံးဝလက်လွှတ်လိုက်တာဟာ အမေရိကန်ကုမ္ပဏီတွေအတွက် ရေရှည်မှာ မကောင်းနိုင်ဘူးဆိုတဲ့ အမြင်ရှိနေပြီးသူ့ရဲ့အယူအဆက တရုတ်နိုင်ငံကို အမေရိကန်နည်းပညာပလက်ဖောင်းထဲမှာ ဆက်လက်ရှိနေစေခြင်းက အမေရိကန်လုပ်ငန်းတွေအတွက် အကျိုးရှိနိုင်တယ်ဆိုတဲ့ အယူဆရှိနေပါတယ်။
ဒါပေမဲ့ အမေရိကန်အစိုးရရဲ့တရုတ်အပေါ် သဘောထားတင်းမာသူတွေအတွက်တော့ ဒီအယူအဆဟာ အန္တရာယ်ရှိတယ်လို့ ယူဆပြီး အဆင့်မြင့် GPU တွေကို တရုတ်ကုမ္ပဏီတွေဆီ ရောင်းချခြင်းဟာ တရုတ်နိုင်ငံရဲ့ AI နဲ့ စစ်ရေးစွမ်းရည်ကို တိုးတက်စေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဒါကြောင့် NVIDIA နဲ့ အမေရိကန်အစိုးရအတွင်းမှာ တရုတ်ဈေးကွက်နဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲမှုတွေ ရှိနေခဲ့ပြီး ဝါရှင်တန်ပိုစ့်ရဲ့နိုဝင်ဘာ ၁၃ ရက် သတင်းမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ CIA ရဲ့ ထောက်လှမ်းရေးအစီရင်ခံစာကို အခြေခံပြီး ဂျန်ဆန်ဟွမ်ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သတိပေးစာတစ်စောင်ကို သမ္မတထရမ့် ထံ တင်ပြခဲ့ကြောင်း ဖော်ပြထားပါတယ်။အဲဒီသတင်းအရ ဝန်ကြီးရူဘီယိုဟာ တရုတ်နဲ့ပတ်သက်ပြီး သဘောထားတင်းမာသူတွေထဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက ဂျန်ဆန်ဟွမ်ဟာ သမ္မတထရမ့်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီးသူဟာ အမေရိကန်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အမေရိကန် AI လုပ်ငန်းတွေ တိုးတက်ရေးနဲ့ တရုတ်ဈေးကွက်အပေါ် မူဝါဒပိုင်းမှာလည်း သူ့ရဲ့အမြင်ကို တင်ပြနိုင်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့် ဒီအရှုပ်တော်ပုံဟာ ကိုယ်ရေးကိုယ်တာပြဿနာတစ်ခုတင်မကဘဲ အမေရိကန်အစိုးရအဖွဲ့အတွင်းက တရုတ်နဲ့ပတ်သက်တဲ့ မူဝါဒအားပြိုင်မှုတွေကိုပါ ပိုမိုပြင်းထန်စေခဲ့တယ်လို့ သုံးသပ်နေကြပါတယ်။NVIDIA အတွက် တရုတ်နိုင်ငံဟာ လျစ်လျူရှုလို့ရတဲ့ ဈေးကွက်မဟုတ်ဘူးလို့လည်း ဆိုကြပါတယ်။တရုတ်နိုင်ငံမှာ AI နည်းပညာ၊ Data Center နဲ့ Cloud Computing လုပ်ငန်းတွေ အလွန်မြန်ဆန်စွာ တိုးတက်နေပြီးအဲဒီလိုဈေးကွက်ကြီးတစ်ခုကို NVIDIA က လက်လွှတ်လိုက်ရမယ်ဆိုရင် ရေရှည်မှာ ပြိုင်ဘက်တွေ ပိုအားကောင်းလာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
အမေရိကန်အစိုးရရဲ့ Export Control မူဝါဒတွေကြောင့် NVIDIA ဟာ တရုတ်နိုင်ငံကို အဆင့်မြင့် GPU တွေ ရောင်းချရာမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး
ကုမ္ပဏီရဲ့ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် 10-Q အစီရင်ခံစာမှာလည်း တရုတ်ဈေးကွက်နဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။ဥပမာ H20 ချစ်ပ်တွေမှာ ပို့ကုန်ကန့်သတ်ချက်ကြောင့် ပိုလျှံကုန်ပစ္စည်းနဲ့ ဝယ်ယူရေးတာဝန်တွေကနေ ဒေါ်လာ ၄.ဒသမ ၅ ဘီလျံ ဆုံးရှုံးမှုဆိုင်ရာ ကုန်ကျစရိတ်ကို ၂၀၂၆ ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ စာရင်းသွင်းခဲ့ရပါတယ်။H200 ချစ်ပ်တွေနဲ့ ပတ်သက်ပြီးလည်း ပိုလျှံကုန်ပစ္စည်းနဲ့ ဝယ်ယူရေးတာဝန်တွေအတွက် ဒေါ်လာ ၄၀၀ သန်း ကုန်ကျစရိတ် ရှိခဲ့ပြီး အဲဒီငွေပမာဏတွေဟာ ကုမ္ပဏီတစ်ခုလုံးရဲ့ အရှုံးပမာဏ မဟုတ်ဘဲ သက်ဆိုင်ရာ ချစ်ပ်တွေရဲ့ စာရင်းကိုင်ကုန်ကျစရိတ်တွေ ဖြစ်ပါတယ်။ အမေရိကန်ဘက်က ခွင့်ပြုချက်ရထားတဲ့ H200 တင်ပို့မှုတွေဟာလည်း တရုတ်ဘက်က ကန့်သတ်မှုတွေကြောင့် မျှော်မှန်းသလောက် မရောင်းချနိုင်ခဲ့တဲ့အတွက်NVIDIA ရဲ့ အစီရင်ခံစာအရ ဒုတိယသုံးလပတ်မှာ တရုတ်ကို တင်ပို့ခဲ့တဲ့ H200 ချစ်ပ်တွေရဲ့ ရောင်းအားဟာ Data Center ဝင်ငွေရဲ့ တစ်ရာခိုင်နှုန်းအောက်မှာပဲ ရှိခဲ့ပါတယ်။အဓိကပြဿနာက ဒီလိုဖြစ်နေတဲ့အခါ NVIDIA ဟာ ဈေးကွက်တစ်ခုကို လက်လွှတ်ရုံသာမက ပြိုင်ဘက်တွေကိုပါ နေရာပေးလိုက်ရတာဖြစ်ပါတယ်။တရုတ်ကုမ္ပဏီတွေကလည်း ကိုယ်ပိုင် AI ချစ်ပ်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းလာကြပြီးHuawei အပါအဝင် တရုတ်နည်းပညာကုမ္ပဏီတွေဟာ အမေရိကန်နည်းပညာအပေါ် မှီခိုမှုလျှော့ချဖို့ ကြိုးပမ်းနေကြပါတယ်။အဲဒီအတွက် NVIDIA အတွက် အန္တရာယ်ဟာ တရုတ်ဈေးကွက်မှာ ရောင်းအားကျဆင်းတာတစ်ခုတည်း မဟုတ်ပါဘူး။တရုတ်ဈေးကွက်ကနေ ဖယ်ထုတ်ခံရခြင်းကြောင့် တရုတ်ပြိုင်ဘက်တွေဟာ ကိုယ်ပိုင်နည်းပညာနဲ့ Developer Ecosystem ကို တည်ဆောက်ခွင့်ရလာနိုင်တာ ဖြစ်ပါတယ်။ဂျန်ဆန်ဟွမ် နုတ်ထွက်တဲ့သတင်း မပေါ်ခင်ကတည်းက NVIDIA ရှယ်ယာတွေဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး ဂျန်ဆန်ဟွမ်နုတ်ထွက်မှုသတင်းက ရှိပြီးသား စိုးရိမ်မှုတွေကို ပိုမိုကြီးထွားစေခဲ့ပါတယ်။Reuters ရဲ့ နိုဝင်ဘာ ၁၂ ရက် သတင်းအရ ဂျန်ဆန်ဟွမ်နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုသတင်းတွေ ပေါ်ထွက်လာပြီးနောက် NVIDIA ရဲ့ Market Capitalization ဟာ တစ်ပတ်အတွင်းမှာ အမေရိကန် ဒေါ်လာ ၅၅၀ ဘီလျံကျော် လျော့ကျခဲ့ပြီးReutersသတင်းဌာန ရဲ့ သုံးသပ်ချက်မှာတော့ တစ်ပတ်အတွင်း ဒေါ်လာ ၆၀၀ ဘီလျံဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ရှယ်ယာတန်ဖိုးဟာ အဖွင့်ပိုင်းမှာ ရှစ်ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ၁၆ လကျော်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့တယ်လို့လည်း Reutersသတင်းဌာန က ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှာလည်း ရှယ်ယာဈေးဟာ နောက်ထပ် နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ခြောက်ပတ်ဆက်တိုက် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာ၆ ရက်နေ့မှာ NVIDIAရဲ့ ရှယ်ယာတစ်ခု ဈေးနှုန်းဟာ ၂၃၉.၂၄ ရှိခဲ့ရာကနေ နိုဝင်ဘာ ၁၆ ရက်နေ့မှာ အရေိကန်ဒေါလာ ၁၅၆ဒသမ ၁၄ သာရှိခဲ့ရာ တစ်လကျော်အတွင်း ၃၄ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။ရှယ်ယာဈေးကွက်ဆိုတာ ကုမ္ပဏီရဲ့ လက်ရှိအခြေအနေကိုသာ မကြည့်ပါဘူး။နောက်လာမယ့်နှစ်တွေမှာ ဘယ်လောက်အမြတ်ရနိုင်မလဲ၊ CEO အသစ်က ဘယ်လိုဦးဆောင်မလဲ၊ ပြိုင်ဘက်တွေ ဘယ်လောက်တိုးတက်လာမလဲဆိုတာကိုပါ ကြိုတင်တွက်ချက်ပြီး ဈေးသတ်မှတ်ကြတာဖြစ်ပါတယ်
။ဒါကြောင့် NVIDIA ရဲ့ လက်ရှိဝင်ငွေတွေ ကောင်းနေသေးရင်တောင် အနာဂတ်မှာ မသေချာမှုတွေများလာရင် ရှယ်ယာဈေး ကျနိုင်ပါတယ်။NVIDIA ရဲ့ အဓိကအားသာချက်တစ်ခုက နည်းပညာပိုင်ဆိုင်မှုဖြစ်သလို အားနည်းချက်တစ်ခုကလည်း ဂျန်ဆန်ဟွမ်ရဲ့ ကိုယ်ပိုင်ဦးဆောင်မှုကို အလွန်မင်း မှိခိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဂျန်ဆန်ဟွမ်ဟာ ကုမ္ပဏီရဲ့ CEO တစ်ဦးတင်မကဘဲ ကမ္ဘာ့ AI လုပ်ငန်းအတွက် အဓိကပြောရေးဆိုခွင့်ရှိသူလို ဖြစ်နေခဲ့ပြီးNVIDIA ရဲ့ နည်းပညာလမ်းကြောင်း၊ စီးပွားရေးမဟာဗျူဟာ၊ အဓိကဖောက်သည်တွေနဲ့ ဆက်ဆံရေး၊ အစိုးရတွေနဲ့ ဆွေးနွေးမှုတွေမှာ သူ့ရဲ့အခန်းကဏ္ဍဟာ အလွန်ကြီးမားပါတယ်။ ဂျန်ဆန်ဟွမ်လိုမျိုး လူတစ်ဦး ရုတ်တရက်ထွက်ခွာသွားတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေက မေးခွန်းတွေ အများကြီးမေးလာကြပြီးပထမမေးခွန်းက CEO အသစ်ဟာ ဂျန်ဆန်ဟွမ်လို NVIDIA ကို ဦးဆောင်နိုင်ပါ့မလားဆိုတဲ့ အချက်အပြင် ဒုတိယမေးခွန်းက ကုမ္ပဏီရဲ့ အဓိကဖောက်သည်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအပေါ် သူ့ရဲ့သြဇာလွှမ်းမိုးမှုကို ဘယ်သူက ဆက်ခံမလဲဆိုတဲ့မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။ တတိယမေးခွန်းက NVIDIA ဟာ AI Data Center တွေ တည်ဆောက်ဖို့ ငွေကြေးထောက်ပံ့နေတဲ့ မဟာဗျူဟာကို ဆက်လက်လုပ်ဆောင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်နေပါတယ်။အဲဒီအချက်ဟာ အလွန်အရေးကြီးတဲ့ မေးခွန်းတွေလို့ ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ NVIDIA ဟာ ချစ်ပ်တွေရောင်းတဲ့ ကုမ္ပဏီတစ်ခုသာ မဟုတ်တော့ဘဲ AI လုပ်ငန်းတစ်ခုလုံးရဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရာမှာလည်း အရေးပါနေရာ
ကုမ္ပဏီဟာ AI Data Center တွေ၊ Cloud Computing လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ဒီလိုငွေကြေးထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ AI စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုခဲ့ပေမဲ့ တစ်ဖက်မှာတော့ အပြန်အလှန်မှီခိုမှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။NVIDIA က ချစ်ပ်ရောင်းသလို အဲဒီချစ်ပ်တွေဝယ်ဖို့ Cloud ကုမ္ပဏီတွေက ငွေကြေးအမြောက်အမြား သုံးစွဲကြပြီး တစ်ချို့လုပ်ငန်းတွေမှာ NVIDIA ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖောက်သည်ဆက်ဆံရေးတွေကလည်း ဆက်စပ်နေတယ်။အဲဒီလိုဖြစ်နေတဲ့အတွက် AI လုပ်ငန်းတစ်ခုခုမှာ ငွေကြေးအခက်အခဲဖြစ်လာရင် NVIDIA အပါအဝင် ဆက်စပ်ကုမ္ပဏီတွေအပေါ် သက်ရောက်နိုင်ပါတယ်။Reuters ကလည်း NVIDIA ရဲ့ ငွေကြေးထောက်ပံ့မှု မဟာဗျူဟာ ရပ်တန့်သွားမယ်ဆိုရင် AI လုပ်ငန်းတစ်ခုလုံးအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း သုံးသပ်ထားပါတယ်။ ဂျန်ဆန်ဟွမ် နုတ်ထွက်ပြီးနောက်ပိုင်း ကမ္ဘာ့စီးပွားရေးလေ့လာသူတွေကြားမှာ အကြီးမားဆုံး ဆွေးနွေးမှုတစ်ခုက AI Bubble ဖြစ်ပါတယ်။AI နည်းပညာဟာ အနာဂတ်မှာ အလွန်အရေးကြီးလာမယ်ဆိုတာကို လူအများစုက လက်ခံထားပေမယ့်AI လုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတိုင်း အမြတ်ရမယ်ဆိုတာ မတူပါဘူး။ဥပမာအားဖြင့် AI Data Center တစ်ခုတည်ဆောက်ဖို့ ဒေါ်လာဘီလျံပေါင်းများစွာ ကုန်ကျနိုင်ပြီး GPU တွေဝယ်ရတာမျိုးl လျှပ်စစ်ဓာတ်အားလိုအပ်တာမျိုးအပြင်အအေးပေးစနစ်တွေ တည်ဆောက်ရပါတယ်။ဒါအပြင်အဆောက်အအုံ၊ ကွန်ရက်နဲ့ လုပ်ငန်းလည်ပတ်မှုစရိတ်တွေ အများကြီးရှိနေပြီးအဲဒီ Data Center တွေကနေ ရရှိလာတဲ့ ဝင်ငွေဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာက အရေးကြီးတဲ့မေးခွန်း ဖြစ်ပါတယ်။ကုမ္ပဏီတစ်ခုဟာ AI နည်းပညာအတွက် ဒေါ်လာဘီလျံ ၁၀၀ ရင်းနှီးမြှုပ်နှံထားပေမဲ့ အဲဒီရင်းနှီးမြှုပ်နှံမှုကနေ အမြတ်ဘယ်လောက် ပြန်ရသလဲဆိုတာ မရှင်းလင်းဘူးဆိုရင် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်လာမှာဖြစ်ပါတယ်။Reuters ရဲ့ သုံးသပ်ချက်မှာလည်း AI ရဲ့ ဝယ်လိုအားဟာ နည်းပညာကုမ္ပဏီကြီးအနည်းငယ်အတွင်းမှာပဲ အလွန်အမင်း စုစည်းနေသေးကြောင်း၊ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးလုပ်ငန်းတွေက AI ကို အသုံးချပြီး အကျိုးအမြတ်ရရှိလာနိုင်မလားဆိုတာ အရေးကြီးကြောင်း ထောက်ပြထားပါတယ်။ဒါကြောင့် NVIDIA ရှယ်ယာဈေးကျဆင်းမှုကို AI နည်းပညာ ပျက်စီးသွားပြီလို့ မဆိုနိုင်သလို AI လုပ်ငန်းတစ်ခုလုံးရဲ့ အမြတ်အစွန်းရနိုင်မှုကို ဈေးကွက်က ပြန်လည်စစ်ဆေးနေတယ်လို့လည်း သုံးသပ်နိုင်ပါတယ်။NVIDIA ရဲ့ အကျပ်အတည်းဟာ ပြိုင်ဘက်ကုမ္ပဏီတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပြီးအဓိကပြိုင်ဘက်တွေထဲမှာ AMD နဲ့ Broadcom တို့ ပါဝင်ပါတယ်။AMD ဟာ AI Accelerator ချစ်ပ်တွေ ထုတ်လုပ်နေပြီး NVIDIA နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေသလိုBroadcom ကလည်း AI Data Center တွေအတွက် Custom Chip နဲ့ Networking နည်းပညာတွေ ထုတ်လုပ်ပေးနေပါတယ်။
အခုလို NVIDIA ရဲ့ ခေါင်းဆောင်မှုအပေါ် မသေချာမှုတွေ ပေါ်လာတဲ့အခါ ဖောက်သည်တချို့ဟာ အခြားရွေးချယ်စရာတွေကို ပိုမိုစဉ်းစားလာနိုင်ပါတယ်။တကယ်တော့ AI ချစ်ပ်ဈေးကွက်မှာ NVIDIA ရဲ့ အသာစီးဟာ ချစ်ပ်စွမ်းဆောင်ရည်တစ်ခုတည်းကြောင့် မဟုတ်ဘဲCUDA Software Ecosystem၊ Developer တွေရဲ့ ကျွမ်းကျင်မှု၊ ကွန်ရက်နဲ့ Server နည်းပညာ၊ လုပ်ငန်းသုံး Software တွေ အားလုံးပေါင်းစပ်ထားတဲ့ အားသာချက်ဖြစ်ပါတယ်။
ဒါကြောင့် ပြိုင်ဘက်တစ်ခုက ချစ်ပ်ကောင်းတစ်ခု ထုတ်နိုင်ရုံနဲ့ NVIDIA ကို အစားထိုးဖို့ မလွယ်ကူပါဘူး။သို့သော် အမေရိကန်ရဲ့ ပို့ကုန်ကန့်သတ်မှုတွေ ဆက်လက်ပြင်းထန်လာမယ်ဆိုရင် တရုတ်၊ ဥရောပနဲ့ အခြားနိုင်ငံတွေက အစားထိုးနည်းပညာတွေကို ပိုမိုအားပေးလာနိုင်ရာအဲဒီအချက်ဟာ NVIDIA အတွက် ရေရှည်စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ဂျန်ဆန်ဟွမ် နုတ်ထွက်သွားပြီးနောက် NVIDIA ဒါရိုက်တာအဖွဲ့ဟာ ကုမ္ပဏီရဲ့ CFO ဖြစ်သူ ကိုလက်တီကရက် (Colette Kress) ကို ယာယီ CEO အဖြစ် ခန့်အပ်ခဲ့ပါတယ်။သူမဟာ ၂၀၁၃ ခုနှစ်ကတည်းက NVIDIA ရဲ့ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ရာကုမ္ပဏီရဲ့ ဘဏ္ဍာရေးအခြေအနေ၊ ဝင်ငွေ၊ ကုန်ကျစရိတ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးမဟာဗျူဟာတွေကို ကောင်းစွာသိရှိထားသူတစ်ဦးလို့ ပြောနိုင်ပါတယ်။ CEO တစ်ဦးအနေနဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတင်မကဘဲ နည်းပညာဆိုင်ရာ ဦးဆောင်မှု၊ ကမ္ဘာ့ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုနဲ့ အစိုးရတွေနဲ့ ဆက်ဆံရေးတွေကိုပါ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။NVIDIA ဒါရိုက်တာအဖွဲ့ဟာ အမြဲတမ်း CEO အသစ်တစ်ဦးကို ရှာဖွေနေကြောင်း တရားဝင်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဒါကြောင့် လက်ရှိအခြေအနေမှာ NVIDIA ရဲ့ အဓိကမေးခွန်းက ချစ်ပ်ထုတ်လုပ်မှုဆက်လက်ကောင်းမွန်နေမလားဆိုတာတင်မကဘဲ ဦးဆောင်မှုအပြောင်းအလဲကို ဘယ်လောက်မြန်မြန် တည်ငြိမ်အောင်လုပ်နိုင်မလဲဆိုတာ ဖြစ်ပါတယ်။CEO အသစ်ဟာ ဂျန်ဆန်ဟွမ်ရဲ့ မဟာဗျူဟာကို ဆက်လက်လုပ်ဆောင်မလားဆိုတဲ့ အချက်အပြင်တရုတ်ဈေးကွက်အပေါ် သဘောထားကို ပြောင်းလဲမလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာ ဂျန်ဆန်ဟွမ် နုတ်ထွက်မှု အပြင် ရှယ်ယာဈေးတွေ ကျဆင်းနေရုံနဲ့

အခုအချိန်မှာ NVIDIA ပြိုလဲသွားပြီလို့ ပြောဖို့ စောနေသေးပြီး
ကုမ္ပဏီမှာ AI နည်းပညာအတွက် လိုအပ်တဲ့ GPU တွေ၊ Software Platform တွေ၊ Developer Ecosystem တွေရှိနေဆဲ ဖြစ်ပါတယ်။၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် ဘဏ္ဍာရေးအစီရင်ခံစာမှာ NVIDIA ရဲ့ Data Center ဝင်ငွေဟာ ဒေါ်လာ ၈၉ ဘီလျံ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၁၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားရာဒီကိန်းဂဏန်းက NVIDIA ရဲ့ လုပ်ငန်းအခြေခံဟာ အားကောင်းနေဆဲဖြစ်ကြောင်း ပြသနေပါတယ်။ဒါပေမဲ့ ရှယ်ယာဈေးကွက်က လက်ရှိဝင်ငွေတစ်ခုတည်းကို ကြည့်နေတာ မဟုတ်တဲ့အတွက် အနာဂတ်မှာ အဲဒီလိုတိုးတက်မှုကို ဆက်လက်ထိန်းထားနိုင်မလားဆိုတာကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ဒီနေရာမှာ စောင့်ကြည့်ရမယ့် အချက်ငါးချက် ရှိတယ်လို့ လေ့လာသုံးသပ်သူတွေကတော့ ဆိုပါတယ်။ လေ့လာသူသုံးသပ်သူတွေရဲ့ အဆိုအရ
ပထမအချက် က CEO အသစ် ဘယ်သူဖြစ်လာမလဲဆိုတဲ့ အချက်ဖြစ်ပြီးဒုတိယအချက် က အမေရိကန်အစိုးရက တရုတ်နိုင်ငံဆီ AI ချစ်ပ်တင်ပို့မှုအပေါ် ကန့်သတ်ချက်တွေ ထပ်မံတင်းကျပ်မလားဆိုတာပဲဖြစ်ပါတယ်။ ဒါအပြင်တတိယအချက် က NVIDIA ရဲ့ အဓိကဖောက်သည်တွေဖြစ်တဲ့ Microsoft၊ Amazon၊ Google နဲ့ Meta တို့က AI အခြေခံအဆောက်အအုံတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက်တိုးချဲ့မလားဆိုတဲ့ အချက်အပြင်
စတုတ္ထအချက် ကတော့ AMD၊ Broadcom နဲ့ တရုတ်ချစ်ပ်ထုတ်လုပ်သူတွေက NVIDIA ရဲ့ ဈေးကွက်ဝေစုကို ဘယ်လောက်အထိ ယူနိုင်မလဲဆိုတဲ့ အချက်နဲ့ ပဉ္စမအချက် က AI နည်းပညာကို အသုံးပြုတဲ့ ကုမ္ပဏီတွေဟာ ရင်းနှီးမြှုပ်နှံထားတဲ့ငွေကြေးထက် ပိုမိုမြင့်မားတဲ့ အမြတ်အစွန်းကို တကယ်ပြန်လည်ရရှိလာနိုင်မလားဆိုတာပဲ ဖြစ်ပါတယ်။အဲ ဒီငါးချက်ဟာ NVIDIA ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် အဓိကအချက်တွေ ဖြစ်လာနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ဂျန်ဆန်ဟွမ် နုတ်ထွက်ရတဲ့ဖြစ်ရပ်ကို လေ့လာကြည့်မယ်ဆိုရင် အမေရိကန်နဲ့ တရုတ်ကြား နည်းပညာအားပြိုင်မှု၊ အဆင့်မြင့် AI ချစ်ပ်တင်ပို့မှု၊ AI Data Center တွေရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ကမ္ဘာ့ရှယ်ယာဈေးကွက်ရဲ့ အနာဂတ်မျှော်မှန်းချက်တွေ အားလုံး ဆုံစည်းနေတဲ့ အကျပ်အတည်းတစ်ခုလို့ မြင်နိုင်ပါတယ်။NVIDIA ဟာ အခုအချိန်မှာ ချစ်ပ်ထုတ်လုပ်နိုင်စွမ်းကို ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ပေမဲ့ ဂျန်ဆန်ဟွမ်မရှိတော့တဲ့ နောက်ပိုင်းမှာ ကမ္ဘာ့ AI လုပ်ငန်းရဲ့ ဦးဆောင်သူအဖြစ် ဆက်လက်ရပ်တည်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။နောက်ဆုံးမေးခွန်းကတော့ ဂျန်ဆန်ဟွမ် ထွက်ခွာသွားတာကြောင့် NVIDIA ရဲ့ အင်ပါယာကြီး ပြိုလဲသွားတာမျိုးမဖြစ်နိုင်ပေမယ့် သူတည်ဆောက်ခဲ့တဲ့ အင်ပါယာကြီးဟာ သူမရှိတော့တဲ့အချိန်မှာလည်း အရင်လို အင်အားကြီးမားနေဦးမလားဆိုတာပဲ ဖြစ်ပါတယ်။မည်သို့ပင်ဆိုနေစေကာမှု ဂျန်ဆန်ဟွမ် နုတ်ထွက်သွားပြီးနောက် NVIDIAရဲ့ အနာဂတ်နဲ့ အောင်မြင်မှုတွေ ဘယ်လိုရှိလာနိုင်မလဲဆိုတာ ကိုလာမယ့်လတွေမှာ NVIDIA ရဲ့ CEO အသစ်၊ AI ချစ်ပ်ဈေးကွက်နဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးတွေက ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

မူရင်းသတင်း — NP News