
#Local_News
Published 19 November 2026
■ မြန်မာ့ပေါ်ဆန်းဆန်၏ အရည်အသွေးနှင့်ဂုဏ်သတင်းကို ထိန်းသိမ်းမြှင့်တင်ပြီး နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောသည်။
ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က
မိန့်ခွန်းပြောကြားရာတွင်အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ ထိုသို့ပြောကြားရာ၌ မြန်မာနိုင်ငံတွင် ပေါ်ဆန်းဆန်သည် ရှေးယခင်ကတည်းက စိုက်ပျိုးထုတ်လုပ်ခဲ့သည့် အရည်အသွေးမြင့် ဆန်အမျိုးအစားတစ်ခုဖြစ်ပြီး ပုသိမ်ပေါ်ဆန်း၊ ပဲခူးဒေသထွက် ပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်းတို့ကဲ့သို့ ဒေသအလိုက်ထင်ရှားသည့် ပေါ်ဆန်းအမျိုးအစားများရှိကြောင်း၊ မြန်မာ့ပေါ်ဆန်းဆန်သည် ၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ဆန်ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့် မှတ်တမ်းကောင်းများရှိခဲ့ပြီး နောက်ပိုင်းတွင်အကြောင်းအမျိုးမျိုးကြောင့် ဂုဏ်သတင်းနှင့်အရည်အသွေးမှေးမှိန်နေခဲ့ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည့်အချိန်တွင် မြန်မာ့ပေါ်ဆန်းဆန်၏ နိုင်ငံတကာဂုဏ်သတင်းကို ပြန်လည်မြှင့်တင်နိုင်ရေးနှင့် မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းစေရေး တွန်းအားပေး၍ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ကျင်းပသည့် ကမ္ဘာ့ဆန်ပြပွဲ၌ မြန်မာ့ပေါ်ဆန်းဆန်အနေဖြင့် ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ဒုတိယအကြိမ်ရရှိနိုင်ခဲ့ကြောင်း၊ ယင်းအောင်မြင်မှုများကိုရေရှည်တည်တံ့စေရန် ဆန်အရည်အသွေးကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်လိုအပ်ကြောင်း၊ ပေါ်ဆန်းဆန်သည် အခြားဆန်အမျိုးအစားများထက် ဈေးကွက်တန်ဖိုးမြင့်မားသော်လည်း ဒေသတိုင်းတွင် တစ်ပုံစံတည်း စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိဘဲ မြေအမျိုးအစား၊ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင် အခြေအနေများအပေါ်မူတည်၍ အရည်အသွေးကွာခြားမှုများရှိကြောင်း၊ ထို့ကြောင့် သတ်မှတ်ထားသည့်ဒေသနှင့် ကိုက်ညီသည့်မျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ အရည်အသွေးမပြည့်မီသည့် ဆန်များကိုပေါ်ဆန်းအမည်ဖြင့် ဈေးကွက်သို့တင်ပို့ပါက မြန်မာ့ပေါ်ဆန်း၏ နိုင်ငံတကာဂုဏ်သတင်းနှင့်ယုံကြည်မှုကို ထိခိုက်စေနိုင်သဖြင့် အရည်အသွေးထိန်းချုပ်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ကဆိုသည် ။
■ ထို့ပြင် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်နှင့် ထိုင်းနိုင်ငံ၏ ဂျက်စမင်းဆန်တို့ကဲ့သို့ နိုင်ငံတကာတွင် နာမည်ကျော်ကြားသည့် ဆန်အမျိုးအစားများ များစွာရှိသကဲ့သို့ မြန်မာ့ပေါ်ဆန်းဆန်ကိုလည်း နိုင်ငံတကာဈေးကွက်တွင် ခိုင်မာသည့်အမှတ်တံဆိပ်တစ်ခုအဖြစ်ရပ်တည်နိုင်ရေး ဆောင်ရွက်သင့်ကြောင်း၊ တောင်သူများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် ဈေးကွက်အလားအလာကိုသာကြည့်၍ ဈေးကွက်ရရှိသည့် မျိုးတူသီးနှံများကို အစုလိုက်အပြုံလိုက် ပြောင်းလဲစိုက်ပျိုးခြင်းမပြုဘဲ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်ရှိသည့်သီးနှံများကိုသာ ဦးစားပေးစိုက်ပျိုးသွားကြရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး၌ ရေရှည်အကျိုးဖြစ်ထွန်းရေးကိုအခြေခံ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times