
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲအတွင်း ဒရုန်းလွှတ်တင်ခွင့် ပိတ်ပင်ထားသော်လည်း လွှတ်တင်မှု များ ရှိနေကြောင်း သိရသည်။
ပွဲတော်ကာလအတွင်း မီးပုံးပျံများ အန္တရာယ်ကင်းကင်း အောင်မြင်စွာ လွှတ်တင်နိုင်ရေးနှင့် အများပြည်သူ လုံခြုံရေး အတွက် အဝေရာမီးပုံးပျံကွင်းအတွင်း ဒရုန်းလွှတ်တင်ခြင်းကို တားမြစ်ထားသော်လည်း ညပိုင်း မီးပုံးပျံလွှတ်တင်ချိန် များတွင် ဒရုန်းပျံသန်းမှုများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပွဲတော်လုံခြုံရေး ကွပ်ကဲမှုရုံးမှ တာဝန်ရှိသူများအား သွားရောက်မေးမြန်းရာတွင် ဒရုန်း လွှတ်တင်ခြင်းကို ခွင့်မပြုထားကြောင်းနှင့် အန္တရာယ်ရှိသည့် ဒရုန်းများကို ဖျက်ချသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
“မနေ့ညက ညမီးကြီးတစ်လုံး လွှတ်တဲ့အချိန်မှာ ဒရုန်းပျံနေတာ တွေ့လိုက်ပါတယ်။ သူတို့အဖွဲ့ထဲကပဲ ထင်တယ်။ မသိ နားမလည်လို့ ခွင့်ပြုချက်မတောင်းဘဲ လွှတ်လိုက်တာ ထင်ပါတယ်” ဟု မီးပုံးပျံပညာရှင်တစ်ဦးက ပြောသည်။
ဒေသခံတစ်ဦးကမူ “ဟိုးအရင်တုန်းကတော့ ဒရုန်းတွေကို စည်းကမ်းချက်နဲ့အညီ လွှတ်ခွင့်ပြုခဲ့တာရှိတယ်။ အဓိက က မီးပုံးပျံတွေ လွှတ်တင်တဲ့အချိန် အန္တရာယ်ကင်းအောင်လို့ပေါ့။ အခုနောက်ပိုင်းတော့ လုံခြုံရေးအရလို့ ထင်ပါတယ်။ လွှတ်ခွင့်မပြုတော့ဘူး။ ဒါပေမဲ့ အခု တွေ့နေရတယ်။ လွှတ်ခွင့်ပြုရင်လည်း ပြုတယ်၊ မပြုရင်လည်း မပြုဘူးပေါ့။ အခုက ဘာမှန်းမသိဘူး” ဟု ပြောဆိုခဲ့သည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ အဝေရာမီးပုံးပျံကွင်း အတွင်း ပြုလုပ်နေခြင်းဖြစ်ပြီး ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။