ရောင်ဝါ
၁၉. ၁၁. ၂၀၂၆
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူးအဖြစ်ကနေ သစ္စာမဲ့ဝန်ထမ်း (DCS) အဖြစ် CDM လုပ် NUG ဘက်ခိုလှုံရာက ပခုက္ကူပအဖတာဝန်ခံဖြစ်သွားတဲ့ မင်းဘုန်းနိုင်ဟာ ကယားမှာ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဖမ်းဆီးစစ်ဆေးပြီးနောက် ဓားနဲ့ထိုး အသတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ပခုက္ကူပအဖ တာဝန်ခံ ကျော့ဖေလို့ လူသိများတဲ့ မင်းဘုန်းနိုင်ဟာ ကဗျာဆရာ Plug X လို့လည်း လက်နက်ကိုင်တွေအကြား လူသိများပြီး ပခုက္ကူပအဖ တာဝန်ခံလုပ်ချိန် ပြည်သူလှူဒါန်းငွေ မူးယစ်ဆေးသုံးစွဲရင်း ငွေကြေးအလွဲသုံးစားမှုဖြစ်ချိန်မှာ စစ်ဆေးခံရလို့ ဆေးကြောင်ပြီး စိတ်ဂယောက်ဂယက်ဖြစ်ရာကနေ ကယားပြည်နယ်ဘက်က လက်နက်ကိုင်အဖွဲ့တွေဆီမှာ ခိုလှုံနေခဲ့တာပါ။
အဲဒီနောက် စိတ်ပေါ့သွပ်နေတဲ့ မင်းဘုန်းနိုင်ကို ငွေကြေးအလွဲသုံးစားမှု၊ သူလျှိုဒလန်အဖြစ် မသင်္ကာမှုနဲ့ ကယားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးစစ်ဆေးအပြီးမှာ မနေ့က နိုဝင်ဘာ ၁၈ ရက်မှာ ဓားနဲ့ထိုး အသတ်ခံလိုက်ရတယ်လို့ သတင်းထွက်ပေါ်လာတာပါ။
ဒီဖြစ်ရပ်အပေါ် ကျော့ဖေ (ခ) မင်းဘုန်းနိုင် (ခ) ကဗျာဆရာ Plug X အသတ်မခံရခင်က ကယားလက်နက်ကိုင်တွေကြီးစိုးရာဒေသမှာ ကယားလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးစစ်ဆေးနေတဲ့ပုံမြင်ရသလို အသတ်ခံလိုက်ရတဲ့အလောင်းကိုလည်း တွေ့ရတယ်လို့ 96 Soldiers အဖွဲ့က ဇေယျာလွင်က လူမှုကွန်ရက်မှာ ရေးသားထားသလို မင်းဘုန်းနိုင်တစ်ကိုယ်လုံး ကြိုးတုပ်ထားပြီး ထမင်းခွက်တစ်ခု ကိုင်ထားတဲ့ မသေမီပုံရိပ်ကလည်း လူမှုကွန်ရက်မှာ ဒီနေ့ ပေါ်ထွက်လာပါတယ်။
ဒီနေရာမှာ မင်းဘုန်းနိုင်ဟာ သူ ငွေအလွဲသုံးစားမှုမဖြစ်ခင် NUG ကာကွယ်ရေးဝန်ကြီးအမည်ခံ ရည်မွန် (ခ) ကဗျာဆရာ မောင်တင်သစ်ကို ရှမ်းမြောက်မှာ သွားတွေ့ချိန် ရည်မွန် (ခ) ကဗျာဆရာ မောင်တင်သစ်တို့ ဝန်ကြီးအုပ်စုက အရက်သောက်တာမှာ တစ်ပုလင်း သိန်း ၇၀၊ ၈၀ တန်အရက်တွေ သောက်ကြတာမို့ သူတို့အုပ်စုဧည့်ခံရင်း စိုက်မထည့်နိုင်တဲ့ ငွေပမာဏကို ရောက်သွားတာလို့ လူမှုကွန်ရက်မှာ ရေးသားကြသလို သူ့ကိုယ်ကျိုးအတွက်က မူးယစ်ဆေးအတွက်သုံးတဲ့ သိန်း ဆယ်ဂဏန်းပဲရှိတယ်လို့လည်း ဆိုပါတယ်။
မင်းဘုန်းနိုင်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓားနဲ့ထိုးသတ်ဖြတ်သူတွေ ဖမ်းဆီးဖော်ထုတ်ဖို့ လက်နက်ကိုင်တွေ တောင်းဆိုနေပေမဲ့ မင်းဘုန်းနိုင်ရဲ့ အဖွဲ့အစည်း NUG ရော၊ သူသတ်ဖြတ်ခံရာဒေသမှာ ကြီးစိုးနေတဲ့ ကယားလက်နက်ကိုင်တွေဘက်ကပါ ဖြေရှင်းချက် တစ်စုံတစ်ရာထွက်မလာဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။