
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
ထိုင်းနိုင်ငံမှာ ဒီနှစ် လွိုင်ကထုံပွဲတော် ကျင်းပချိန်အတွင်း ရေနစ်မှုတွေ မဖြစ်စေဖို့ ရေကန်၊ မြစ်နဲ့ တူးမြောင်းတွေ ဘေးမှာ သတိထားကြဖို့၊ ကလေးတွေကို အနီးကပ်စောင့်ကြည့်ဖို့နဲ့ အရက်သောက်ပြီး ရေထဲမဆင်းကြဖို့ ဘေးအန္တရာယ်ထိန်းချုပ်ရေးဌာန ( DDC) က တိုက်တွန်းထားပါတယ်။
DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်ထီယန် ကနဆာဝတ်က ၂၀၁၆ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ၁၀ နှစ်တာ အတွင်း လွိုင်ကထုံပွဲတော်ကာလ ရေနစ်မှု ၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အသက် ၅ နှစ်ကနေ ၆၂ နှစ်အထိ လူ ၃၂ ဦး ထိခိုက် ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီထဲမှာ ၂၈ ဦး သေဆုံးခဲ့တာကြောင့် ရေနစ်မှုဖြစ်ပွားသူတွေရဲ့ ၈၇ ဒသမ ၅ ရာခိုင်နှုန်းအထိ သေဆုံးခဲ့တာ ဖြစ်ပါ တယ်။ ထိခိုက်ဒဏ်ရာရသူ ၄ ဦးရှိပြီး သေဆုံးသူနဲ့ ထိခိုက်သူတွေထဲမှာ အမျိုးသားက ၈၄ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိပါတယ်။
ရေနစ်မှုဖြစ်ပွားသူတွေထဲမှာ အသက် ၁၅ နှစ်အောက် ကလေးတွေက ၄၀ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး အသက် ၄၅ နှစ်ကနေ ၅၉ နှစ်အရွယ်တွေက ၃၁ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်။ ဖြစ်စဉ်အများစုဟာ မြစ်တွေ၊ ရေကန်တွေနဲ့ တူးမြောင်းတွေမှာ ဖြစ်ပွားခဲ့တာပါ။
DDC ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အနက် မန်အွမ်ကလန်းကတော့ ရေနစ်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဟာ မြစ်ထဲကို ဆီမီးမျှောတဲ့အခါ ထည့်လိုက်တဲ့အကြွေစေ့တွေပိုက်ဆံတွေကို လိုက်ကောက်ဖို့ ရေထဲဆင်းတာဖြစ်ပြီး ၅၉ ဒသမ ၄ ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။ဒါအပြင် ကထုံ(ဆီမီး)မျှောတာ၊ ကြည့်တာလုပ်ရင်း ချော်လဲပြီး ရေထဲ ကျတာက ၂၅ ရာခိုင်နှုန်းရှိ တယ်လို့ဆိုပါတယ်။
အသက် ၁၅ နှစ်အောက် ကလေးတွေမှာ ရေနစ်မှုဖြစ်သူ ၆၁ ဒသမ ၅ ရာခိုင်နှုန်းဟာ အကြွေစေ့ကောက်ဖို့ ရေထဲ ဆင်းရာက ဖြစ်တာဖြစ်ပြီး ၉၂ ဒသမ ၃ ရာခိုင်နှုန်းဟာ မိဘ ဒါမှမဟုတ် လူကြီးတွေရဲ့ စောင့်ကြည့်မှု မရှိချိန်မှာ ဖြစ်ပွား ခဲ့တာပါ။ လူကြီးတွေမှာတော့ အရက်သောက်ထားတာက ရေနစ်မှု ဖြစ်စဉ်တွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ အန္တရာယ်ဖြစ်စေတဲ့ အချက်တစ်ခုအဖြစ် တွေ့ရှိထားပါတယ်။
ဒါ့အပြင် ရေနက်တာ၊ ရေစီးသန်တာနဲ့ ရေနစ်သူကို ကယ်တင်ဖို့ လေ့ကျင့်မှုမရှိဘဲ ရေထဲဆင်း တာတွေကြောင့်လည်း သေဆုံးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ရေနစ်မှုတွေကို ကာကွယ်ဖို့အတွက် ကလေးတွေကို လက်လှမ်းမီတဲ့အကွာအဝေးမှာ အမြဲစောင့် ကြည့်ဖို့၊ ရေအနီးမှာ အရက်မသောက်ဖို့နဲ့ ရေကူးတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ကထုံနဲ့ အကြွေစေ့တွေကို ကောက်ဖို့ ရေထဲမဆင်း ကြဖို့ DDC က တိုက်တွန်းထားပါတယ်။
ပွဲတော်ကျင်းပမယ့် နေရာတွေမှာလည်း အတားအဆီးတွေ၊ သတိပေးဆိုင်းဘုတ်တွေနဲ့ မီးအလင်းရောင် လုံလောက်စွာ ထားရှိဖို့၊ အသက်ကယ်ဝန်ထမ်းတွေ ချထားဖို့နဲ့ အသက်ကယ်အင်္ကျီ၊ အသက်ကယ် ဘောကွင်း၊ ကြိုးနဲ့ တုတ်တွေ အဆင်သင့်ထားရှိဖို့ ပွဲစီစဉ်သူတွေနဲ့ ဒေသအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။
တစ်စုံတစ်ယောက် ရေထဲကျတာတွေ့ရင် ကိုယ်တိုင်ရေထဲခုန်ဆင်းကယ်ဖို့ မကြိုးစားဘဲ အသက်ကယ် ဘောကွင်းလို ပစ္စည်းတွေ ပစ်ပေးတာ၊ လှမ်းပေးတာလုပ်ပြီး အရေးပေါ်ဆေးကု သရေးဖုန်းကို ချက်ချင်းဆက်သွယ်ဖို့လည်း အသိပေး ထားပါတယ်။
Ref – Thai PBS