MT News
၂၀. ၁၁. ၂၀၂၆
(၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ်သုံးခု၊ ကြေးတံဆိပ်နှစ်ခုရရှိခဲ့ပြီး နိုင်ငံအလိုက် စတုတ္ထအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ မလက္ကာမြို့တွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃၄) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (34th ASEAN Armies Rifle Meet-34th AARM)ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်သေနတ်ပစ် အသင်းသည် ယမန်နေ့ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ စစ်ရေးချုပ်ဒုတိယ ဗိုလ်ချုပ်ကြီးဇော်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများကလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၅၅ ဦးတို့ ပါဝင်ခဲ့ကြပြီး ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတိုအမျိုးသားအသင်းနှင့် ပစ္စတိုအမျိုးသမီးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ အသင်းလိုက်အမှတ်ပေးပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု၊ တစ်ဦးချင်းပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု စုစုပေါင်း ရွှေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့်(၄) နေရာရရှိခဲ့ကြောင်း သတင်းရရှိသည်။