Myanmar Digital News

(၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ် သုံးခု၊ ကြေးတံဆိပ် နှစ်ခုရရှိခဲ့ပြီး နိုင်ငံအလိုက် စတုတ္ထအဆင့်တွင် ရပ်တည်နိုင်ခဲ့

နေပြည်တော် နိုဝင်ဘာ ၁၉

 

မလေးရှားနိုင်ငံ မလက္ကာမြို့တွင် အောက်တိုဘာ ၃၀ ရက်မှ  နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (34th ASEAN Armies Rifle Meet-34th AARM)ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့ညပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစား သမားစုစုပေါင်း ၅၅ ဦးတို့ ပါဝင်ခဲ့ ကြပြီး ရိုင်ဖယ်အသင်း၊ ကာဘိုင် အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတို အမျိုးသားအသင်းနှင့် ပစ္စတို အမျိုးသမီးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ အသင်း လိုက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် နှစ်ခု၊ တစ်ဦးချင်းပစ်ခတ်စဉ် ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု စုစုပေါင်း ရွှေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်(၄) နေရာ ရရှိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News