Myanmar Digital News

ရှမ်းပြည်နယ်အတွင်း ဆီဖူလုံမှုတိုးတက်လာစေရေးအတွက် စိုက်ဧက ၄၅၃၅၄၉ ဧကတွင် ၁၆၁၃၈ ဧက တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်

တောင်ကြီး နိုဝင်ဘာ ၁၉

 

ရှမ်းပြည်နယ်အတွင်း စားသုံးဆီဖူလုံမှုတိုးတက်စေရေးအတွက် ၂၀၂၆- ၂၀၂၇ ခုနှစ်တွင် ဆီထွက်သီးနှံ ၄၅၃၅၄၉ ဧက စိုက်ပျိုးထားရာ ၁၆၁၃၈ ဧက တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“ရှမ်းပြည်နယ် ဆီစားသုံးမှုဖူလုံဖို့အတွက် ၂၀၂၅-၂၀၂၆ ခုနှစ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၀၇ ဒသမ ၃၉ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၅၃ ဒသမ ၁၅ ရာခိုင်နှုန်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၃၇ ဒသမ ၂၀ ရာခိုင်နှုန်းထွက်ရှိပါတယ်။ ရှမ်းပြည်နယ်တစ်ခုလုံးခြုံပြီး ကြည့်မယ်ဆိုရင် ဆီဖူလုံမှုရာခိုင်နှုန်း ၇၁ ဒသမ ၅၇ ရာခိုင်နှုန်းပဲ ရှိသေးတဲ့အတွက် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဆီဖူလုံမှုတိုးတက်ရေးကိုဆောင်ရွက်ရာမှာ ရည်မှန်းချက်အနေနဲ့ ၂၀၂၆-၂၀၂၇ ခုနှစ် ရှမ်း(တောင်)မှာ ၁၀၇ ဒသမ ၆၁ ရာခိုင်နှုန်း၊ ရှမ်း(မြောက်)မှာ ၅၈ ဒသမ ၆၃ ရာခိုင်နှုန်း၊ ရှမ်း(အရှေ့)မှာဆိုရင် ၃၇ ဒသမ ၇၆ ရာခိုင်နှုန်းနဲ့ ပြည်နယ်အတွက် ၇၄ ဒသမ ၃၁ ရာခိုင်နှုန်း တိုးတက်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးငြိမ်းထွန်းက ပြောသည်။

 

ရှမ်း(တောင်)၊ ရှမ်း(မြောက်)နှင့် ရှမ်း(အရှေ့)တို့တွင် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်းစေ့၊ ပန်းနှမ်းနှင့် ဆီမုန်လာတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး အဆိုပါဆီထွက်သီးနှံခြောက်မျိုးတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းအထိ မြေပဲ ၁၀၅၂၅၂ ဧက၊ နှမ်းဧက ၃၁၇၆၀ နှင့် နေကြာဧက ၁၃၅၄၀ စုစုပေါင်း ၁၅၀၅၅၂ ဧက စိုက်ပျိုးခဲ့ပြီး ၁၀၉၄၈၄ ဧက ရိတ်သိမ်းခဲ့သည်။

 

စားသုံးဆီဖူလုံမှုတိုးတက်လာစေရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တောင်ကြီး၊ ညောင်ရွှေနှင့် ပင်းတယမြို့နယ်တို့၌ ဆီထွက်သီးနှံအထူးဇုန်များ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မြေပဲနှင့်နေကြာသီးနှံ ၂၂၄၃၃ ဧက စိုက်ပျိုးနိုင်ခဲ့ကာ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ဆီထွက်သီးနှံ အထူးဇုန်များကို တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယ၊ လင်းခေးနှင့် မိုင်းတုံမြို့နယ်တို့၌ မြေပဲ၊ နှမ်း၊ နေကြာ ၂၄၅၇၉ ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။

 

ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရှမ်း(တောင်)နှင့် ရှမ်း(အရှေ့)၌ ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်ဧကများအတွက် စပါး၊ နေကြာ၊ မြေပဲနှင့်ပဲပုပ် မျိုးထုတ်လုပ်နိုင်ရန် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် တစ်ဧကလျှင် ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ တစ်အိတ်နှင့် သဘာဝဓာတ်မြေဩဇာ လေးအိတ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

သစ္စာ(MNA)၊

ဓာတ်ပုံ - ပြည်နယ်စိုက်ပျိုးရေး

မူရင်းသတင်း — Myanmar Digital News